ကျောင်းဆရာများ ၀န်ထမ်းအိမ်ရာမှ မဖယ်သဖြင့် မူစယ်မြို့၌ ကျောင်းဆောင်သစ် တိုးချဲ့ရေး ကြန့်ကြာနေ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ အမှတ် (၂) အထက်တန်းကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ် ရေးအတွက် ပညာ ရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်ချထားသော်လည်း အဆောင်သစ်ဆောက်မည့် နေရာအနီးရှိ ၀န်ထမ်းဆောင်မှ ဆရာ၊ဆရာမ များ မပြောင်းရွှေ့ပေးသဖြင့် အဆောင်သစ်ဆောက် လုပ်ရေး ကြန့်ကြာနေကြောင်း သိရသည် ။
အဆိုပါကျောင်း၌ ကျောင်းသားဦးရေ တိုးတက်များပြားလာရာ လိုအပ်ချက်အရ ပညာရေးဌာနမှ မူစယ်မြို့ခံ ကျောင်း အကျိုးတော်ဆောင်အဖွဲ့အား အဆောင်သစ် ဆောက်လုပ်ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး ၄င်းအဆာင်သစ် နေရာ အတွက် အခက် အခဲ ရှိနေကြောင်း အဆိုပါ အထက (၂) ကျောင်း အသိုင်း အဝိုင်းနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ပညာရေးဌာနကနေပြီးတော့ ပေ ၃၀ နဲ့ ၁၂၀ ၊ ၄ခန်းတွဲ ကျောင်းဆောင်ချပေးတာပေါ့နော်။ အခု ဆောက်မရတာက ကျောင်းဆရာမတွေနေတဲ့ နေရာကို ထိသွားတာပေါ့နော်။ ဆရာမတွေက နေရာကို ဖယ်မပေးချင်ဘူး ဖြစ်နေတယ်ဗျ။ ဆရာ မတွေက ဒီကျောင်းဆောင်နဲ့ အုပ်နံရံကြားမှာ ဆက်နေဖို့ စဉ်းစားနေတယ်ဗျ ” ဟု အဆိုပါနီးစပ်သူက ဆိုသည် ။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မူစယ်မြို့နယ် ပညာရေးမှူးကလည်း ဆရာမများအတွက် နေရာ ချန်လှပ် ထားရန် ပြောဆိုနေ နေကြောင်း သူက ဆက်ပြောသည် ။
“ပညာရေးမှူးကလည်း ပထမတော့ဖယ်ခိုင်းမလိုလိုနဲ့ အခုက မဖယ်ခိုင်းပဲနဲ့ ဆရာမ တွေအတွက် နေရာ ကို ပေ ၂၀ လောက် ကြားထဲမှာ ချန်ထားမယ်။ အဲဒီပေ ၂၀ နဲ့ ပေ ၁၅၀ ကြားထဲမှာ ဆရာမတွေကို နေဖို့ပေါ့။ ဒီစာသင်ဆောင်နားကပ် နေတော့ ကျောင်းသူကျောင်းသားတွေအတွက် စာသင်ကြားရေး အပိုင်းမှာ အနှောက်အယှက် ဖြစ်နိုင်တာပေါ့နော် ” ဟု သူက ဆို သည် ။
အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် နေရာအနီး ၀န်ထမ်းဆောင် ၅ လုံးတွင် ဆရာမများ နေထိုင်လျက်ရှိကြောင်း သိရသည် ။
ဆရာမများ ပြောင်းရွှေ့နေထိုင်ရန် ကျောင်းဝန်းအတွင်း နေရာ သတ်မှတ်ပေးထားသော်လည်း နေအိမ်အတွက် ဆရာမများ ကိုယ်တိုင် အကုန်အကျခံ ဆောက်လုပ်ရမည် ဖြစ်ပြီး အနည်းဆုံး ကျပ် ၁၅ သိန်းဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည် ။
Tags: General, News

