ဘုရားပြီး ငြမ်းဖျက် စကားပုံနှင့် မူစယ် ၁၀၅ မိုင် ကုန်ထမ်း အလုပ်သမားများ ဘဝ



သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်း ဘုရားသိမ် စတင် ဆောက်လုပ်ခဲ့သည့် တစ်ချိန်တည်းတွင် ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးဋ္ဌာနမှ တရားဝင်မဟုတ်သည့် ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်အား ခန့်အပ်လိုက်ခြင်းမှာ အချိန်အားဖြင့် တိုက်ဆိုင်မှု ဖြစ်နေပေသည် ။

၂၀၁၀ ခုနှစ် ၁၁ လပိုင်းက ဘုရားသိမ် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အလုပ်သမားဦးစီးမှူး ဦးကျော်ကျော် ဦးမှ အဆိုပါ အလုပ်သမားများအား အလုပ်ခန့်ခဲ့ခြင်း ဖြစ်သည် ။

ယခုအခါ သိမ်ဆောက်လုပ်မှု ပြီးဆုံး၍ ယခုလ ၂၅ ရက်နေ့တွင် ရေစက်ချလှူဒါန်းတော့မည်ဖြစ်ရာ ၄င်းအချိန်သည်လည်း ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်စလုံး အလုပ်ဖြုတ်ခံရချိန်နှင့် တိုက်ဆိုင်နေပြန်သည် ။

မြန်မာလူမျိုးများက စေတီပုထိုးများ တည်ဆောက်ရာတွင် တပ်ဆင်အသုံးပြုသည့် အကာအရံများကို “ ငြမ်း ” ဟု ခေါ်ကာ တည်ဆောက်မှု ပြီးဆုံးချိန်တွင် အဆိုပါ ငြမ်းများကို ဖျက်သိမ်းလေ့ရှိသဖြင့် ဘုရားပြီး ငြိမ်းဖျက်ဆိုသည့် ဆိုရိုးစကား ရှိနေရာ ယခုအလုပ်ဖြုတ်ခံရသည့် ဖြစ်ရပ်အပေါ် အလုပ်သမားများက ဘုရားပြီး ငြမ်းဖျက်ဟု တင်စား ပြောဆိုနေခြင်း ဖြစ် သည် ။

အသက်ခပ်ကြီးကြီး အလုပ်သမားဟောင်းတစ်ဦးက ၄င်းကုန်ထမ်းအလုပ်သမားအဖြစ် စတင် အလုပ်ဝင်ခဲ့သည့် အတွေ့ အကြုံ ကို ယခုလို စပြောသည် ။

“အလုပ်စ၀င်တော့ ၀င်ကြေးက တစ်ယောက်ကို ၂ သောင်းခွဲ ၊ အားလုံး ၂၅၆ ဦးဆိုတော့ ၆၄ သိန်းပေါ့နော် လူ ၈ ယောက် ပါတဲ့ အဆိုင်း ၃၂ ဆိုင်းဖွဲ့လိုက်တယ်။ အဲဒီ တစ်ဆိုင်းကို ၂ သိန်းခွဲ သိမ်အလှူငွေ ဆိုပြီး အလုပ်သမားစုမှူး ဦးပေါ်တင်က ကောက်တယ် ။ နှစ်မျိုးပေါင်းတော့ ၁၂၈ သိန်း လောက်လှူခဲ့ရတယ်” ဟု ဆိုသည် ။

၂၀၁၁ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ် ရှိ အဆိုပါ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ကုန်စည်စီးဆင်းမှု ကောင်းမွန်ခဲ့ရာ တစ်နေ့လျှင် ကုန်တင်ကားကြီး အစီးရေ ၁၀၀ ၀န်းကျင်ခန့် ဖြတ်သန်း သွားလာနေကြောင်း သိရသည် ။

ကုန်ကားတစ်စီးလျှင် ကုန်အလေးချိန်တန်၂၅ နှင့် ၃၀ ၀န်းကျင်ကြား တင်ဆောင်ထားပြီး အဆိုပါကားတစ်စီး ကုန်တင် ကုန်ချခ အဖြစ် အလုပ်သမား ၈ ယောက် တစ်ဆိုင်းလျှင် ကျပ်ငွေ ၁၂၀၀၀ ပေးကြောင်း  ဆိုသည် ။

“ကုန်ထမ်းခ တစ်တန်ကို ကျပ် ၁၀၀၀ နှုန်းပေါ့နော်။ ကားတစ်စီး ၂၅ တန်ဆိုရင် ငွေ ၂၅၀၀၀ ရမယ် အလုပ်သမားတစ် ဆိုင်းကို ကားတစ်စီး  ၁၂၀၀၀ ပဲရတယ်။  ပုတ်ပြတ်ပေးလိုက်တာပေါ့နော် ။ ကျန်တဲ့ငွေကို အလှူငွေဆိုပြီး ကောက်တယ် ။ ဒါ့ အပြင် နေ့စဉ် ငွေ ၅၀၀ ထပ်ဖြတ်တယ် ။ တစ်ရက်ကို ကားအစီး ၁၀၀ ကျော်လောက်ဆို တစ်ဆိုင်းကို ၄ စီးနဲ့ ၅ စီးကြား ထမ်းရတယ် ။ တကယ်တမ်းထမ်းရတဲ့လူတွေက တစ်ယောက်ကို ကျပ် ၆၀၀၀ လောက်ပဲရကြတယ် ” ဟု သူ ဆိုသည် ။

အဆိုပါ အောက်ခြေကုန်ထမ်းအလုပ်သမား အများစုမှာ အညာဒေသမှ ကြုံရာကျပန်း လာရောက်လုပ်ကိုင်စားသောက် သူများဖြစ်ကြပြီး အိမ်ထောင်သည်များလည်း ပါဝင်ကြောင်း သိရသည် ။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးရုံး လက်အောက်တွင် အလုပ်သမား ၈၀၀ ခန့်ရှိသည့်အနက် ပါမစ် (ပတ်ကား)  ၊ အရန် နှင့် ဖိုက်တာ ဟု ဆိုကာ အတန်းအစား ၃ မျိုးခွဲထားပြီး အဆိုပါ ၂၅၆ အုပ်စုမှာ ဖိုက်တာဟု ခေါ်သော အောက်ခြေ အလုပ်သမားများ ဖြစ်သည် ။

၎င်းအလုပ်သမားများမှာ ပါမစ်နှင့် အရန် အလုပ်သမားများ မလုပ်လိုသည့် အလုပ်များနှင့် ဂိုဒေါင်တွင်း ကုန်အတင်အချ အ လုပ်များ လုပ်ကိုင်ရကြောင်း သိရသည် ။

၂၀၁၀ နိုဝင်ဘာလမှ ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့အထိ အလုပ်သမားထုအတွင်း ငွေခွဲဝေရာတွင် အသုံးပြုသည့် နည်းကို ငွေကိုက် လူကိုက်စနစ် ဟု ဆိုပြီး ယခုလ ၆ ရက်နေ့ နောက်ပိုင်းတွင် ဘို့တူဘို့မျှစနစ်သို့ အစားထိုးပြောင်းလဲခဲ့ ကြောင်း ၄င်းအလုပ်သမားဟောင်းက ဆက်ပြောသည် ။

“ငွေကိုက်လူကိုက် စနစ်မှာက စုမှူးကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲဝေယူတယ်။ အခုက ဘို့တူဘို့မျှစနစ်ပေါ့ ။ အောက်ခြေ ကနေပြီး စောင့်ရှောက်ရေးမှူး အထိ သူတစ်ကျပ် ကိုယ်တစ်ကျပ်ယူတဲ့ စနစ်ပေါ့နော် ” ဟု ဆိုသည် ။

အဆိုပါ ငွေကိုက်လူကိုက် စနစ်တွင် ငွေကြေးမသမာမှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောရာတွင် “ အလုပ်သမားစောင့် ရှောက်ရေးမှူး ဦးသောင်းက ဦးစီးအရာရှိဆီ နေ့စဉ် အလုပ်သမား ဦးရေ တင်ပြရာမှာ တကယ်ရှိတာထက် ၁၂၂ ယောက်ပို တင်တယ်။  ဦးစီးမှူး ဦးကျော်ကျော်ဦးကနေ လက်ရှိ ဦးဝင်းနိုင်ဦး လက်ထက် အထိပေါ့နော်။ ၆၇ ယောက်က ဘုရား သိမ် အတွက် ကျန်တဲ့ ၅၅ ယောက်စာကိုက စုမှူးကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲ ဝေယူတယ် ” ဟု ဆိုသည် ။

ထို့အပြင် ၂၀၁၀ ခုနှစ်က ကိုယ်ထူကိုယ်ထ ၀ယ်ယူထားသည့် အလုပ်သမား အဖွဲ့ပိုင် ကားတစ်စီးရှိပြီး အဆိုပါကားမှ တစ်လ၀င်ငွေ ကျပ်သိန်း ၄၀ ခန့်ရရှိရာ ၄င်းငွေကိုလည်း စာရင်းအင်းမရှိ သုံးစွဲသည်ဟု ဆိုသည် ။ 

ထို့ကြောင့် ၂၀၁၀ ခုနှစ်အထိ သာမာန် အလုပ်သမားစုမှူး အဆင့်သာ ရှိသော ဦးပေါ်တင်မှာ ယခုအခါ သိန်း ၆၀၀ တန် တိုက်တစ်လုံး အပြင် အိမ်စီးကားအမျိုးမျိုး ၊ ထော်လာဂျီ ၊ မြေထိုးစက်နှင့် အခြားစီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် သူဋ္ဌေးတစ်ဦး ဘ၀သို့ ပြောင်းလဲရောက်ရှိသွားကြောင်း ဆိုသည် ။

၂၀၁၂ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ အလုပ်သမားရုံးတွင် အရန်အလုပ်သမား ၁၂၀ ခန့်ကို ပါမစ်ရ အလုပ်သမားများ အဖြစ် ပြန်လည် ခန့်အပ်ခဲ့သော်လည်း ဘုရားသိမ်ဆောက်လုပ် အပြီး အလုပ်ဖြုတ်ခံခဲ့ရသော အလုပ်သမား ၂၅၆ ဦးမှာ ပါဝင်ခြင်း မရှိပဲ အများစုမှာ ကြုံရာကျပန်း ရရာအလုပ်လုပ်ကိုင်နေရကြောင်း သိရသည် ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates