SSA နှင့် အစိုးရတပ် တိုက်ပွဲကြောင့် ကထိန်သင်္ဃန်းအလှူပွဲ ရေစက်မချရ



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ဘုန်းတော်ကြီးတကျောင်း၌ ဒေသခံများ ကထိန်သင်္ဃန်း ဆက်ကပ်နေစဉ် သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲကြောင့် ရေစက်မချလိုက် ရဘဲ အလှူပွဲပျက်သွားကြောင်း ဒေသခံများက ပြောပါသည်။

“သျှမ်းတပ်ဘက်က အလှူပွဲလာတာကို အစိုးရတပ်က  ကြိုတိုက်တာ။ သေနတ်သံထွက်တာက ဘုန်းကြီး ကျောင်းနဲ့နီးနီးလေးရယ်။ ပွဲလန့်ပြီး အလှူပျက်သွားတာပေါ့။ တရားတော်နာတုန်းဘဲ။ ရေစက်တောင်မချ လိုက် ရဘူး” - ဟု ဒေသခံ စိုင်းခမ်းအောင် က ပြောပါသည်။

နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်း၌ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ  အနောက်ဘက် ၇ ခန့်အကွာ ဝမ့်ခင်းမ်း (ဗမာအခေါ် ချုံး ) ကျေးရွာအုပ်စု အတွင်း ဝမ်းခင်းမ်းရွာ နှင့် ဝမ့်ဟွေ့ရွာအကြားအစိုးရတပ် နှင့် သျှမ်းပြည် တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့)   အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊   ဝမ့်ဟွေ့ရွာဘုန်းကြီးကျောင်း နှင့်နီး သောကြောင့် ကထိန်သင်္ဃန်းကပ်လှူပွဲပျက်ရာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ခဲ့ရကြောင်း ရပ်ရွာအုပ်ချုပ်ရေးပိုင်း အသိုင်းအဝိုင်းတဦးက ပြောပါသည်။

“အပစ်ရပ်လို့ ကျနော်တို့တွေဝမ်းသာနေတာ။ ထင်ထားတဲ့အတိုင်းဖြစ်မလာဘဲ ပိုပိုဆိုးလာတယ်။ အစိုးရတပ်က ညမထွက်ရ အမိန့်ထုတ်ထားပြန်တယ်။ စပါးရိတ်ချိန် လယ် သွားအိပ်စောင့်ရမှာလေ။ အရမ်းအခက်အခဲ ဖြစ်တယ်။ စပါးသွားရိတ်ဖို့  အသက်နဲ့ရင်းရမလိုဖြစ်နေတယ်။ ကျနော်တို့ လူထုဆိုတာက ဘယ်တပ်ဖွဲ့လာလာ ကျွေးမွေးရတာဘဲ။ ရပ်ရွာအနီးအနားမှာ မပစ်ခတ်ဖို့တောင်းပန်ပါတယ်ဗျာ။ ဗမာတပ်ကော သျှမ်းတပ် ကောဘဲ” - ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောပါသည်။

ရပ်ရွာအားပစ်မှတ်ထားပြီးပစ်ခတ်မှု၊ တိုက်ပွဲကြောင့်လူ့အခွင့်အရေးချိုးဖေါက်မှု၊ အပစ်ရပ်ပြီး တိုက်ပွဲဆက်ဖြစ် နေမှုအား အချက်အလက် စုဆောင်းပြီးလျှင် လူထုအကျိုးအတွက် တစုံတရာစီစဉ်ဆောက်ရွက်နိုင်ဖို့ မကြာ မှီ ကျားဖြူပါတီအတွင်း အစည်းအဝေးထိုင်ကာ ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း ကျောက်မဲ အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်က ပြောပါသည်။

မိုင်းငေါ့မြို့နယ်ခွဲ နမ့်ဆင် ချောင်းအနောက်ဘက်ပိုင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSA ကလှုပ်ရှားပြီး SSPP/SSA မှာမူ ချောင်းအရှေ့ဘက်ခြမ်း၌ သွားလာလှုပ်ရှားပါသည်။ အဆိုပါဒေသဘက်တွင် ကျောက်မဲ ခရိုင်အခြေစိုက် မြန်မာအစိုးရတပ်က ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ကလှုပ်ရှားကြောင်း၊ နမ့်ဆင်ချောင်းအနောက်ဘက်ခြမ်း၌ တိုက်ပွဲများပိုမိုဖြစ်ပွား နေကြောင်း ဒေသခံများက ပြောပါသည်။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates