၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲတော်အား အနယ်နယ်အရပ်ရပ်၌ကျင်းပ
လာမည့်သောကြာနေ့တွင်ကျရောက်သော သျှမ်းသက္ကရာဇ် ၂၁၀၇ နှစ်သစ်ကိုကြိုဆိုသည့်ပွဲအား သျှမ်းပြည်အတွင်း မြို့နယ် အသီးသီးနှင့် ပြည်ပရောက်သျှမ်းလူမျိုးများက အသီးသီးကျင်းပနေကြပြီဖြစ်ကြောင်းသိရသည်။
သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် နှစ်သစ်ကူးပွဲတော်ကို သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံး၌ ၁၃ ရက်နှင့် ၁၄ ရက် ၂ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း တောင်ကြီးမြို့ခံ စိုင်းလင်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တောင်ကြီးမြို့ သျှမ်းနှစ်သစ်ကူး ( Taunggyi Family Group)
မြောက်ပိုင်းရှိမူစယ်နှင့်နမ့်ခမ်းမြို့တွင်လည်း ယနေ့ည ပွဲစတင်ကျင်းပမည်ဖြစ်ကြောင်း နမ့်ခမ်းဒေသခံစိုင်းခမ်း ကပြော သည်။ မူဆယ်မြို့တွင် စာပေနှင့်ယဉ်ကျေးမှုအတွက် ကိုယ်ကျိုးစွန့် လုပ်နေသည့် ပုဂ္ဂိုလ်အား စဝ်ဆေခန်ဖှ (ဧကရာဇ်) ဆု ချီးမြင့်မည်ဖြစ်ကြောင်း၊ ယခုနှစ်ဆုရှင်အား သျှမ်းစာပေပြန့်ပွါးရေးလှုပ်ရှားနေသည့် သျှမ်းစာပေဆရာ စိုင်းဖှ အားရွေးချယ် ထား ကြောင်းသိရသည်။ မူစယ်မြို့တွင် လွယ်တိန်ခမ်းတောင်၌ လည်းကောင်း နမ့်ခမ်းမြို့တွင် နောင်ကုန်းစန့်အနီး လေယာဉ်ပျံကွင်းတွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။
သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံတွင်လည်း သျှမ်းတမျိုးသားလုံးစုပေါင်းကျင်းပသည့် သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ကို ယနေ့မနက် ၉ နာရီက ဖွင့်ပွဲကျင်းပခဲ့သည်။ ၂၁၀၇ နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဖိတ်ကြားထားသော မြို့နယ် ၂၈ မြို့နယ်မှ စာပေယဉ်ကျေးမှုအဖွဲ့များအပြင် ပြည်တွင်းပြည်ပ ဧည့်သည် ပရိသတ် ၁ သောင်းနီးပါးရှိသည်ဟု ပွဲတက်ရောက်သည့် ချင်းမိုင်မှ စိုင်းယ က ပြောသည်။
ကျိုင်းတုံသျှမ်းနှစ်သစ်ကူးဖွင့်ပွဲအခမ်းအနား (Sai Sai Loang)
အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့၏မြို့တော် မိုင်းလားတွင်လည်း ဒီဇင်ဘာ ၉ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပကြောင်း သိရသည်။ ကျိုင်းတုံပွဲအပြီး အနယ်နယ်အရပ်ရပ်မှ ပရိသတ်များ မိုင်းလားသို့ အလည်အပတ်ရောက်ရှိနိုင်အောင် စီစဉ်ခြင်းဖြစ်သည်ဟုလည်း မိုင်းလားမြို့ခံများကပြောသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ၁၁ ရက်နေ့ညက ဖွင့်ပွဲကျင်းပရာ သျှမ်းအမျိုးသား များ အကြား တော်လှန်ရေး တေးသီချင်း ဖြင့်နာမည်ကြီးအဆိုတော် စိုင်းမူး (ကွယ်လွန်) ကိုဂုဏ်ပြု သည့် ပွဲကိုပါ ပူးတွဲကျင်းပခဲ့ကြောင်း၊ လူငယ်များအား ကိုယ်ပိုင်သံစဉ် တေးဂီတ မြတ်နိုးသည့်စိတ်မွေးတတ်အောင် တဖက်တွင်လည်း အမျိုးသားရေးလုပ်ငန်း မမေ့မပျောက် အောင် ရည်ရွယ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသည့် ဦးစိုင်းတ က ပြောပါသည်။
မိုင်းပန်မြို့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲ ဖွင့်ပွဲည (Sai Da)
လင်းခေးခရိုင် လင်းခေးမြို့နယ်တွင်လည်း ၁၁ ရက်ညမှ ၁၅ ရက်ည အထိ ကျင်းပမည်ဟု လင်းခေးမြို့ခံ ကိုစိုင်းက ပြောသည်။
လင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲအတွက် စတိတ်စင်( Sai Oo)
ခွန်ဆာ့ MTA ဌာနချုပ်ဟောင်းဖြစ်သော သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်တွင်မူ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ နှစ်သစ်ကြိုဆိုပွဲကျင်းပသွားမည်ဟုသိရသည်။
ရန်ကုန်မြို့တွင်မူ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ ဦးစီးကာ ကိုးမိုင်သျှမ်းကျောင်း၌ ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက် ၂ ည ကျင်းပမည်ဖြစ်သည်။ ရန်ကုန်နှင့် ပဲခူးတိုင်းအတွင်း မြို့နယ်အသီးသီးနေ သျှမ်းမိသားစုများ ဝင်ရောက်ပူးပေါင်းရန် ဖိတ်ကြားထားကြောင်း ရန်ကုန်သျှမ်းစာ/ယဉ်အသင်းဝင်လူငယ်တဦးက ပြောသည်။
မန္တလေးမြို့တွင်မူ မန္တလေး သျှမ်းစာပေယဉ်ကျေးမှု အဖွဲ့က ဒီဇင်ဘာ ၁၄ ရက် တံခွန်တိုင် နမ့်ခမ်းကျောင်းတိုက်တွင် ဆွမ်းကပ်လှူဒါန်းကာ သျှမ်းနှစ်သစ်ကြိုဆိုပွဲကျင်းပမည်ဟု ဆိုပါသည်။
လင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲအတွက် စတိတ်စင်( Sai Oo)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် စာပေနှင့်ဓလေ့ထုံးတမ်းလေ့လာရေးသျှမ်းအဖွဲ့အစည်း ကလည်း ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ဝပ်ကူတောက်ဘုန်းကြီးကျောင်း၌ ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ချင်းမိုင်ခရိုင်အတွင်းရှိ ဖှန်မြို့နယ်တွင် ၁၃ ရက်ည၌လည်းကောင်း၊ ဝိန်းဟိုင်မြို့နယ် နယ်စပ်လတ်တိုင် ရွာတွင် ၁၂ ရက်မှ ၁၄ ရက်နေ့အထိလည်းကောင်း၊ ထိုင်းနယ်စပ် တလျှောက် မယ့်ဟောင့်ဆောင်မြို့နှင့်မျက်နှာချင်းဆိုင်ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျန်း တွင်လည်း ၁၂ မှ ၁၄ ရက်အထိ၊ ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင်ရှိ RCSS/SSA တပ်မဟာ ၇၂၇ တပ်စခန်း လွယ်ဆန်စု တွင် ၁၂ ရက်မှ ၁၅ ရက်နေ့အထိ၊ မယ့်ဟောင့်ဆောင် အနီးရှိ RCSS/SSA ၏ စစ်ဒေသ အမှတ် ၆ တပ်စခန်းရှိရာ ကောင်းမုံမိန်းတွင် ၁၂ ရက်မှ ၁၄ ရက်နေ့အထိလည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် ချင်းရိုင်းမြို့၌ ၁၁ ရက်နေမှ ၁၅ ရက်နေ့အထိ ၊ ဘန်ကောက်မြို့၌ ၁၅ ရက်နှင့် ၁၆ ရက် တို့ ကျင်းပသွားမည်ဖြစ် သည်ဟု သိရသည်။
လင်းခေးမြို့ သျှမ်းနှစ်သစ်ကူးပွဲအတွက် စတိတ်စင်( Sai Oo)
မလေးရှားရောက်သျှမ်းမိသားစုကလည်း ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း စင်ကာပူသျှမ်းမိသားစုက ဒီဇင်ဘာ ၁၅ ရက်တွင်လည်းကောင်း အမေရိကန်ရောက်သျှမ်းမိသားစုက ဒီဇင်ဘာလ ၁၆ ရက်လည်းကောင်း လန်ဒန်ရောက် သျှမ်းမိသားစုက ဒီဇင်ဘာလ ၉ ရက်ကလည်းကောင်း အသီးသီးကျင်းပ မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
Tags: Culture, News