အဲပုဂံဟဲဟိုး၌ပျက်ကျ ကလေးငယ်တဦးအပါအဝင် ၃ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ
ယနေ့မနက်ပိုင်းက မန္တလေး - ဟဲဟိုး ပြေးဆွဲသည့်အဲပုဂံလေယာဉ်တစီး စက်ချွတ်ယွင်း ပျက်ကျသေကြေ ဒဏ် ရာ ရမှုရှိခဲ့ကြောင်း တောင်ကြီးဒေသခံများကပြောသည်။
ဟဲဟိုး၌ ပျက်ကျသော အဲပုဂံလေယာဉ် (ဓါတ်ပုံ - ထူးအိမ်သွင်)
“လေယာဉ်ခါးကနေကျိုးသွားတယ်။ မီးထလောင်တယ်။ လေယာဉ်ပျက်ကျပြီးမကြာမီ လေကြောင်းလိုင်း ပိုင် ရှင် ဦးတေဇ က ကိုယ်ပိုင်လေယာဉ်လေးနဲ့ ဟဲဟိုးလေဆိပ်ကို ၁၂ နာရီ မထိုးခင် ၅ မိနစ်အလို မှာ ရောက် ရှိလာပြီး အခင်းဖြစ်ရာနေရာကို သွားကြည့်တယ်။ ပြီးတော့ ဟဲဟိုးလေယာဉ် ကွင်းကို အပေါ်မှ ၃ ပတ် ပတ် ကြည့်ပြီးပြန်သွားတယ်” - ဟု အဆိုပါကားဆရာက ဆက်လက်ပြောပြသည်။
ယနေ့နံနက် ၈ နာကျော် အချိန်တွင် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ပျံသန်းသည့် အဲပုဂံ လေကြောင်းလိုင်းက ဟဲဟိုးလေဆိပ်အဆင်း အင်္ဂျင်ချွတ်ယွင်း ပျက်ကျခဲ့ကြောင်း ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ မြူနှင်းများကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းအတွင်း မှားယွင်းဆင်းသက်ခဲ့ကြောင်း - အစိုးရ ပြန်ကြားရေးသတင်းဌာနက သတင်းထုတ်ပြန်ပါသည်။
“အင်ဂျင်စက်ခန်းထဲက စက်ချွတ်ယွင်းတဲ့ အသံကြီးထွက်ပေါ်လာပြီးနောက်ပိုင်း လေယာဉ်ကြီးက ထိုးကျသွား တယ်ဆိုဘဲ။ လေယာဉ်ပြေးလမ်းပေါ်တောင်မရောက်ဘူး။ ကားလမ်းမပေါ် က ဆိုင်ကယ်သမား ၂ ယောက် ကိုလဲ လေယာဉ်တောင်ပံရိုက်မိလို့ပွဲချင်းပြီးသေတယ်။ လေယာဉ်ထဲမှာ အသက် ၁၁ နှစ်ကလေးတယောက် သေတယ်လို့ကြားတယ်။ တောင်ကြီးဆေးရုံကိုလူနာ ၁၁ ယောက်ပို့ရတယ်”- ဟု တောင်ကြီး ဟဲဟိုးလေယာဉ် ကွင်း တက်စီပြေးဆွဲနေသည့် ကားဆရာတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် အဲပုဂံလေကြောင်းလိုင်းကလည်း အထူးပင် ဝမ်းနည်းကြေ ကွဲရပါကြောင်း သတင်းထုတ်ပြန်ပါသည်။
လေယာဉ်ပေါ်ပါခရီးသည်များအား လေယာဉ်ကွင်းအနီးရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တထားရှိကာကွယ် စောင့်ရှောက်မှု များပြုလုပ်ပေးနေသည်ဟု ဟဲဟိုးမြို့ခံများက ပြောပါသည်။
ဒီဇင်ဘာ 25 ရက် အင်္ဂါနေ့ ယနေ့နံနက်ပိုင်းက ခရီးစဉ်အမှတ် W9- 001 ၊ လေယာဉ်အမှတ် XY-AGC ၊ F-100 အမျိုး အစား အဲပုဂံ လေယာဉ် စက်ချွတ်ယွင်းကာ ဟဲဟိုးလေယာဉ်ကွင်းမရောက်ခင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပုဂံလေကြောင်းလိုင်းသည် နိုင်ငံခြားသား ခရီးသည် ၅၁ ဦး၊ ပြည်တွင်းခရီးသည် ၁၂ ဦး၊ လေယာဉ်မှူး နှစ်ဦးအပါအဝင် လေယာဉ်ဝန်ထမ်း ၉ ဦး စုစုပေါင်း ၇၁ ဦးတို့အနက် အသက် ၁၁ နှစ် ကလေး ၁ ယောက် သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရရှိကာ ဟဲဟိုး နှင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထား သည်ဟု ပြန်ကြားရေးဌာန နေပြည်တော်က ထုတ်ပြန်သည်။
Tags: General, News