လက်တွဲမှုမရှိဘဲအစိုးရဘက် အင်အားသုံးမူးယစ်တိုက်ဖျက်မှု RCSS/SSA လက်မခံ



သျှမ်းပြည်အရှေ့ပိုင်း ၌ဘိန်းခြံများ ဖျက်ဆီးရန် အစိုးရ၏ မူးယစ်နှိမ်နှင်းရေး အဖွဲ့က ပြင်ဆင်နေသည် ဟူသည့်သတင်းအပေါ် လက်တွဲပူးပေါင်းမှုမရှိသဖြင့် ထိုအစီအစဉ်အား သျှမ်းပြည်တပ်မတော် အနေဖြင့် လက်ခံမည်မဟုတ်မကြောင်း ပြောပါသည်။

002-2
“ကျနော်တို့ RCSS/SSA ၊ UNODC နဲ့ အစိုးရ သုံးဘက်သုံးတန်ပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မယ်လို့ သဘောတူထားတာလေ။ အခုက အစိုးရတဘက်တည်း လုပ်မယ်ဆိုတဲ့ ကိစ္စက ကျနော်တို့လက်မခံနိုင်ဘူး” - RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။

ယခုဘိန်းစိုက်ရာသီ၌ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း ဘိန်းခြံများအား အစိုးရ မူးယစ်နှိမ်နှင်းရေး တပ်ဖွဲ့က မြန်မာစစ်တပ်လုံခြုံရေးဖြင့် ဘိန်းခင်းများအားဖျက်ဆီးမည်ဟုသတင်းထွက်ပေါ်နေကြောင်း၊ မြန်မာ စစ်တပ်က ဘိန်းခင်းအကြောင်းပြပြီး အင်အားတိုးချမည်ကို သျှမ်းပြည်တပ်မတော်အနေဖြင့်မလိုလားကြောင်း ပြောပါသည်။

“ဘိန်းခြံဖျက်မယ်ဆိုရင် လူထုကို ဘိန်းအစားထိုးဖို့ အရင်းအနှီးပေးရမယ်။ သင်တန်းတွေပေးရမယ်။ ဒါတွေ မလုပ်တဲ့အပြင် အောက်တိုဘာလ တာချီလိတ်သဘောတူညီချက်အရ RCSS/SSA ၊ UNODC နဲ့ အစိုးရတို့ မူးယစ်ဆေးဝါးတွေကို လက်တွဲတိုက်ဖျက်မယ်ဆိုတာကို ဖေါက်ဖျက်ပြီး အစိုးရတဖွဲ့တည်းနဲ့ လုပ်သွားမယ့် ကိစ္စကျနော်တို့က လက်ခံမှာမဟုတ်ဘူး။ အင်နဲ့အားနဲ့ဝင်လာရင်တော့ ပြဿနာဖြစ်မှာသေချာတယ်” - ဟု RCSS/ SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကဆက်၍ပြောပြပါသည်။

အောက်တိုဘာ ၂၇-၂၈ ရက် ၂၀၁၂ ၌ RCSS/SSA ၊ UNODC နှင့် အစိုးရတို့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့၌ တွေ့ဆုံစဉ်ကလည်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းတွင် လုံခြုံရေးယူပေးရန်အတွက် ပူပေါင်းတပ်ဖွဲ့တွင် RCSS/SSA ပါဝင်ရန် အဆိုပြုချက်ကို အစိုးရက လက်ခြင်းမရှိသေးဟုဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရန် UNODC  ကမကထပြုမှုဖြင့် တာချီလိတ်မြို့ ဆွေးနွေးပွေဲတွင် အစိုးရနှင့် RCSS/SSA တို့ သဘောတူညီချက် ၉ ချက်ချမှတ်ခဲ့သော်လည်း ယနေ့တိုင် လက်တွဲအကောင်အထည်ဖေါ်ခြင်း လုံးဝ မရှိသေးပါ။ ဆက်စပ်သတင်းအား ဖတ်ရှုရန် http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3603-unodc--rcss------.html




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates