တာ့ဆန်းစီမံကိန်းအစား အထက်ဘက် ၁၀ မိုင်တွင် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းစတင်



တရုတ်ကုမ္ပဏီဦးဆောင်မှုဖြင့် ရပ်တန့်ထားသည့် တာ့ဆန်းရေအားလျှပ်စစ်စီမံကိန်း၏ အထက်ဘက် ၁၀ မိုင်ခနအကွာတွင် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းစတင်တည်ဆောက်နေကြောင်း ဒေသခံများက ပြောပါ သည်။

009 - 2CTGC နှင့် IGOEC တို့မှ တာဝန်ရှိသူများအား ဒေါက်တာစိုင်းမောက်ခမ်း လက်ခံတွေ့ဆုံ Photo: သမ္မတရုံး

“ရောက်နေတာတော့ကြာပြီ။ ဒါပေမယ့်တရားဝင်အလုပ်က အခုလဆန်းပိုင်းကဘဲပြန်စတယ်လို့ပြောတယ်။ အခုကတရုတ်တွေလဲထပ်ရောက်လာတယ်။ ကျွမ်းကျင်ပညာရှင်အဆင့်တွေပေါ့။ တခြားဒေသခံတွေကတော့ အောက်ခြေအလုပ်သမားတွေ၊ အားလုံးအယောက် ၂၀၀ လောက်ရှိမယ်” - ဟု ဒေသခံ စိုင်းမောင်ကပြော ပါသည်။

၂၀၁၁ ခု နှစ်နှောင်းပိုင်းမှစ၍ ရပ်ဆိုင်းခဲ့သော သျှမ်းပြည်တောင်ပိုင်း မိုင်းပန် - မိုင်းတုံကြားရှိ သံလွင်မြစ် တာ့ဆန်း ရေအားလျှပ်စစ်စီမံကိန်းအစား ထိုနေရာ၏ အထက်ဘက် ၁၀ မိုင်သို့ ပြောင်းရွှေ့ကာ (အထက်သံလွင်) မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအမည်ဖြင့် ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။

ဂျန္နဝါရီ ၁ ရက် ၂၀၁၃ က မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့်အဖွဲ့က တရုတ်နိုင်ငံပိုင် China Three Gorges Corporation (CTGC ) နှင့် International Group of Entrepreneurs Company (IGOEC) တို့မှ တာဝန်ရှိသူများနှင့် နေပြည်တော် သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ၍ ရေအား၊ လေအားတို့ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေးအတွက်လေ့လာစူးစမ်းမှုများ ဆွေးနွေးခဲ့သည် ဆိုသည့်သတင်းအား နေပြည်တော်အစိုးရ ထုတ်ပြန်ပြီးနောက်ပိုင်း ယခုစီမံကိန်းများ စတင်ဖေါ်ဆောင်လာခြင်းဖြစ်သည်။

တာ့ဆန်းစီမံကိန်း စမ်းသပ်အကောင်အထည်ဖေါ်နေသည့် တရုတ်အင်္ဂျင်နီယာသုံးဦးအား အမည်မသိအုပ်စု တခု က ၂၀၁၁ မေလ မှ ဩဂတ်လ်ပိုင်းအထိ သုံးလကျော် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း တာ့ဆန်း ရေအားလျှပ်စစ်စီမံကိန်းလည်း ရပ်တန့်ထားခဲ့ရသည်။

တာ့ဆန်းစီမံကိန်းနှင့်ပတ်သက်ပြီး မိုင်းပန်ပြည်သူ့လွှတ်တော် အမတ် ဦးထွန်းမြင့်ဦးက (၇/၁၀/၁၂ ရက်က) မေးမြန်းရာမှာ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ စူးစမ်းလေ့လာ မှုများပြုလုပ်နေဆဲ အချိန်သာဖြစ်ပါကြောင်းနှင့် မည်သည့် ကိစ္စကိုမှ လုပ်ဆောင်ခြင်းမရှိသးပါကြောင်း ဖြေကြားခဲ့ဖူးပါသည်။

သိကျွမ်းနားလည်သူအချို့ကမူ လူထုတောင်းဆိုချက်ကြောင့် တာ့ဆန်းဆည်ရပ်နားခြင်းမဟုတ်ဘဲ ဆည်တည် ဆောက်ရန် မြေစိုင်ကျောက်စိုင်မခိုင်ခံ့မှုကြောင့် အထက်သို့ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာ့ဆန်းရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓါတ်အားပမာဏ ၇၁၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထိုစီမံကိန်းကြောင့် ၁၉၉၆ မှစ၍   ရွာပေါင်း ၁၅၀၀၊ လူဦးရေ ၃ သိန်း ကျော် နေရပ်မှ စွန့်ခွာခဲ့ရသည်ဟု သျှမ်း လူ့အခွင့်အရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates