ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် ကျားခေါင်းပါတီတွေ့မည်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ တို့ တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။
စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ရှိ ကန်တော်ကြီးဟော်တယ်၌ တွေ့ဆုံမည်ဖြစ် ပါသည်။
“အဓိက CSSU အဖွဲ့အစည်း တွေနဲ့ အခက်ခဲတွေ့ထားတဲ့ ပြသနာ ရှိတယ်၊ ဂျူလိုင် ၂၀ ကနေ ၂၂ ရက်နေ့ အထိ ချင်းမိုင်မှာ လုပ်မယ့် CSSU အစည်းအဝေး မလုပ်ဖြစ်ဘူး မလုပ်လိုက်ရဘူး ၊ အဲ့နောက်ပိုင်းမှာ CSSU ဥက္ကဌအနေနဲ့ NRPC ဥက္ကဌ ထံကို စာရေးပြီးတော့မှ အကျိုးအကြောင်း သိရအောင်မေးမြန်းထားတာတွေ ရှိတယ်၊ အဲ့ဒါ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ခဲ့ပြီဆိုတော့ ဘာတွေများ ထူးခြားမှုရှိမလဲပေါ့၊ အဲ့ဒါနဲ့ ဆက်စပ်ပြီး တော့မှ တခြားဘာတွေ လုပ်နိုင်မလဲဆိုတာတော့ တွေ့ပြီးတော့မှပဲ ဆုံးဖြတ်လို့ရမှာ” ဟု ကျားခေါင်းပါတီ ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် ကပြောသည်။
သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဥက္ကဌ ရာထူးအား တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ တာဝန်ယူထားသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော် အစိုးရကိုယ်စားလှယ်အဖွဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ် တို့အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ဆက်ဖတ်ရန်
အစိုးရသစ် နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှု ယုံကြည်မှုတည်ဆောက်ခြင်းဖြစ် RCSS ပြော
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်တို့ တွေ့ဆုံခြင်း သည် ဒီမိုကရေစီ အစိုးရသစ်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ခြင်းအတွက် ဟုလည်းဆိုနိုင်ကြောင်း RCSS ကပြောဆိုသည်။
စက်တင်ဘာ ၁၁ ရက်နေ့ က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ ဒီတွေ့ဆုံမှုဟာ အစိုးရသစ်လက်ထပ်မှာ ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ကြတယ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးတဲ့ခါမှာတော့ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးကိုတော့ အဓိကထား ဆွေးနွေးတယ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာဆိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသမီးတွေ ပါဝင်လာစေချင်တယ်” ဟု (RCSS/SSA) မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းကပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နားလည်မှု နှင့် ယုံကြည်မှု တည်ဆောက်ရေး ၊ တိုင်းရင်းသားနယ်မြေ ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း ၄င်းကပြောသည်။
စက်တင်ဘာ ၁၁ ရက်နေ့က သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ် ၆ ဦးသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော် အစိုးရကိုယ်စားလှယ် အဖွဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် တို့အား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“တပ်မတော် ဘက်ကတော့ ကျနော်တို့ သွားဆွေးနွေးတာက နှစ်ဘက် နားလည်မှုတွေနဲ့ ပတ်သက်တာတွေ ပြီးတော့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတာတွေ ၊ တပ်မတော်ဘက်က ပြောဆိုလာတာတွေ ရှိတယ် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ရင် ပြည်သူတွေ မထိခိုက်အောင် နှစ်ဘက် အလျှော့အတင်းလေးတွေ ဖြစ်စေချင်တယ် ၊ အလျှော့အတင်းနဲ့ ပတ်က်ပြီး ထိခိုက်မှု မရှိအောင် ကျနော်တို့ဘက်က ပြန်တောင်းဆိုတယ်။ ကျနော်တို့ ဆက်ဆံရေးရုံးနဲ့ မကြာခဏ ဆက်သွယ်ဖို့ ၊ သွားလာလှုပ်ရှားမယ်ဆိုရင်အကြောင်းကြားဖို့ ပြောဆိုဆွေးနွေးတယ်။နောက်ပြီးတော့ တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ။ ကျနော်တို့ ဒါတွေ ဆွေးနွေးတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း ကပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။
ဆက်ဖတ်ရန်
JMC-S အနေနှင့် အောက်ခြေအထိကွင်းဆင်းနိုင်မှသာ တိုက်ပွဲများ လျှော့ကျနိုင်ဟုဆို
JMC-S အနေနှင့် အပေါ်ယံတွေ့ဆုံပွဲသက်သက်မဟုတ်ပဲ အောက်ခြေအထိ ကွင်းဆင်းလေ့လာလုပ်ဆောင် နိုင်မှသာလျှင် NCA စာချုပ်တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်နှင့်တပ်မတော်ကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေး ပိုမိုထိရောက်မည်ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဟိုပုံးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ စိုင်းနော်အောင်က ပြောသည်။
သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အနေနှင့် ဟိုပုံးမြို့နယ် လူထုတွေ့ဆုံပွဲကို စက်တင်ဘာ ၆ ရက်နေ့က ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမ တွင် ကျင်းပခဲ့သည်။
" JMC-S က သူတို့လုပ်တာ အထက်ပိုင်းတော့အကုန်ပြေလည်တယ် ၊ ဒါပေမဲ့ ပြဿနာကတော့ ဒီအောက်ပိုင်း မှာ အထင်လွဲမှုတွေရှိတယ် ၊ အောက်ခြေအထိ ကွင်းမဆင်းပဲ အပေါ်ယံတွေ့ဆုံပွဲတွေလာလုပ်တယ် ၊ လူထု အခက်အခဲကိုလာနားထောင်တယ် ၊ ဒီလောက်နဲ့ပဲဆိုရင်တော့ JMC-S မှမဟုတ်ဘူး တစ်ခြား အဖွဲ့အစည်း ထပ်လာလဲ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်ကြားတိုက်ပွဲမကြာခဏဖြစ်နေဦးမှာပဲ " ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဟိုပုံးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ စိုင်းနော်အောင်က ပြောသည်။
ပြည်သူလူထုအား ညှင်းပမ်းနှိပ်စက်မှုများရှိလျှင်တိုင်ကြားနိုင်ရန် JMC-S မှ လမ်းဖွင့်ပေး ခဲ့သော်လည်း လက်ရှိ တိုက်ပွဲများဖြစ်ပွားရာ ဒေသခံတိုင်းရင်းသားပြည်သူများ အနေနှင့် ယင်းအပေါ် ယုံကြည်မှုနည်းပြီး အကြောက် တရားများကျန်ရှိနေသောကြောင့် JMC-S အနေဖြင့် အောက်ခြေအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေး စေလိုကြောင်း ဦးစိုင်းနော်အောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
ဟိုပုံးမြို့နယ်၊ နားပုံကျေးရွာအုပ်စု ၊ နမ့်ခုတ်ကျေးရွာတွင်နေ ထိုင်သော ဒေသခံ(၁၀) ဦးအား ဂျူလိုင်လ ၁၈ ရက်နေ့က တပ်မတော်စစ်ကြောင်းမှဖမ်းဆီးထားပြီး လက်ရှိတွင် ဟိုပုံး မြို့နယ်ရဲစခန်းတွင်အဆိုပါ (၁၀) ဦးထဲမှ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်) ဥပဒေ ဖြင့် (၃)ဦး ၊ သျှမ်းလက်နက် - ၁၂ ဖြင့် (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းရေး ယူထားကြောင်း ဦးအောင်ဇေ (Justice Drum လူမှုကွန်ယက်ဒါ ရိုက်တာ) ထံ မှ သိရှိရသည် ။
“ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ညှိတော့ ညှိနှိုင်းနေတယ် ၊ ဆွေးနွေးနေတယ် တကယ်လို့ မခိုင်လှုံဘူးဆိုရင် ပြန်လွှတ်ပေးမယ် ၊ခိုင်လှုံခဲ့ရင် တရားဥပဒေအရ ရင်ဆိုင်သွား ရမှာဖြစ်ပါတယ်လို့ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အောင်အောင်က JMC-S အခမ်းအနားမှာ ဖြေသွားတယ်” ဟု စိုင်းနော်အောင် ကဆက်လက် ပြောပြပါသည် ။
JMC-S နှင့် ဟိုပုံးမြို့နယ် လူထုတွေ့ဆုံပွဲတွင် JMC ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ၊ NCA ၊ COC နှင့် တိုင်ကြားမှုဆိုင်ရာ ကိစ္စ ရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ဟိုပုံးမြို့နယ်ရှိ ကျေးရွာအုပ်စု(၂၈)အုပ်စုမှဒေသခံ ပြည်သူလူထု လေးရာကျော်တက်ရောက်ခဲ့ကြောင်းသိရသည် ။
ဆက်ဖတ်ရန်
သျှမ်းပြည်နယ်အစိုးရကြီးကြပ်မှုဖြင့် လျှပ်စစ်မီတာများတင်ဒါခေါ်ယူရန် မိုင်းရှူးကျားခေါင်းအမတ်အဆိုကို ၀န်ကြီးမှ မေးခွန်းပြောင်းခိုင်း
ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေး၌သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်လျှပ်စစ်မီတာများတင်ဒါခေါ်ယူနိုင်ရန်ဟူသည့်အဆိုကိုလွှတ်တော်ကိုယ်စားလှယ်အမတ်ကတင်သွင်းရာ ၀န်ကြီးက အဆိုကိုမေးခွန်း အဖြစ်ပြောင်း လဲမေးခိုင်းကြောင်းသိရပါသည်။
ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တတိယနေ့ သြဂတ်စ် ၃၀ ရက်နေ့တွင် မိုင်းရှုးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးစိုင်းလင်းမြတ်မှ တင်သွင်းသည့် ၄င်းအဆိုကို မေးခွန်းအဖြစ် ပြောင်းလဲမေး သင့်ကြောင်းသျှမ်းပြည် နယ် အစိုးရအဖွဲ့ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင် က လွှတ်တော်တွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
![]() |
| ဓါတ်ပုံ- SNLD ပါတီမိုင်းရှုးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးစိုင်းလင်းမြတ် |
သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အများစုသည် ယခုချိန်ထိမီ တာေ ဘာက်စ် မသုံးစွဲရသေးသော မြို့နယ်များရှိကြောင်း ၄င်း ကပြောသည်။
“သျှမ်းပြည်နယ်တွက်သီးသန့်မီတာဘောက်စ်တွေလုံလုံလောက်လောက်ထုတ်ပေးဖို့တင်ဒါခေါ်တဲ့ပုံစံမျိုးဒါမှမဟုတ်ပြည်ပနိုင်ငံကဈေးနှုန်းချိုသာပြီးတော့အရည်အသွေးကောင်းတဲ့မီတာဘောက်စ် တွေကိုတင်ဒါခေါ်ယူဖို့ခေါ်ယူပြီးတော့ပြည်သူတွေ အဆင်ပြေအောင်ပြည်သူလူထုတွေစိတ်ချမ်းသာအောင်မလိုလားတဲ့အကျင့်ပျက်ခြစားမှုတွေမဖြစ်အောင်နောက်ပြီးတော့နိုင်ငံတော်ဘဏ္ဍလည်းလျှပ်စစ်တွေခိုးသုံးပြီးတော့ဒါနိုင်ငံတော်ဘဏ္ဍာလေလွင့်တယ်အဲ့လိုမဖြစ်အောင်ဆိုတဲ့အဆိုကိုတင်သွင်းတယ်အဲ့ရည်ရွယ်ချက်နဲ့တင်တာပေါ့နော်” ဟု ဦးစိုင်းလင်းမြတ် ကပြော သည်။
သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်လျှပ်စစ်မီတာများတင်ဒါခေါ်ယူနိုင်ရန် တင်သွင်းသည့် အဆိုသည် သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်စွမ်းအင် နှင့် စက်မှုဝန်ကြီး (ကိုယ်စား) သယံဇာတ နှင့် သဘာဝပတ်ဝတ်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာညီညီအောင် က အဆိုကိုမေးခွန်းအဖြစ် ပြောင်းလဲထားရှိရန် ဖြေကြားရာမှ ၄င်း နှင့် ပတ်သက်ပြီးလွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာထောက်ခံမဲ ၃၀ ကျော် နှင့် အဆိုကိုမေးခွန်းအဖြစ်ပြောင်းလဲထားရန်ရှိ လွှတ်တော်က သဘောတူပြီး မေးခွန်းပြောင်းခဲ့ ကြောင်းသိရသည်။
ဆက်ဖတ်ရန်
သျှမ်းပြည်နယ်အစိုးရလုပ်ပိုင်ခွင့်ပိုမိုရရှိရေး ကျောက်မဲကျားခေါင်းအမတ်၏အဆို လွှတ်တော်အတည်ပြု
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်အမတ် တင်သွင်းသည့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များနှင့် ချမှတ်ထားသော မျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်များကို ပိုမိုအလေးထားပြီး ထိရောက်စွာ ဆောင်ရွက်ပေးရန် အဆိုကို လွှတ်တော်၌ အတည်ပြုကြောင်း သိရသည်။
ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) စိုင်းထွန်းဉာဏ် မှ ၄င်းအဆိုကို လွှတ်တော် တတိယနေ့ သြဂတ်စ် ၃၀ ရက်နေ့ကတင်သွင်းလိုက်ပြီး စတုတ္တနေ့မှာလွှတ်တော်က အဆိုကိုအတည်ပြု လိုက်ခြင်းဖြစ်သည်။
“ကျနော်တင်ရတဲ့ ရည်ရွယ်ချက်က အစိုးရအနေ နဲ့ အစိုးရဖြစ်တာ တစ်နှစ်ခွဲနီးလာပြီ ဒီ တစ်နှစ်ကျော်ကာလမှာဆိုလို့ရှိရင် အစိုးရရဲ့ လုပ်ငန်းဆောင်တာမှုကို လေ့လာသုံးသပ်တဲ့ချိန် အခြားသောတိုင်းပြည်နယ်နဲ့ ယှဉ်မယ်ဆိုလို့ရှိရင် လုံးဝအားမရဘူး။ အလုပ်မလုပ်သလိုဖြစ်နေ တယ်။
သူဘာကြောင့် ဒီလိုဖြစ်နေလဲ ။ အခွင့်အရေး မရယူတတ်တာလား။ သို့မဟုတ် သူဘာလုပ်ရမယ်ဆိုတာကို မေ့နေတာလား။ သူ့မှာ ဘာအခွင့်အရေး ရနိုင်တဲ့ တစ်ချက် နဲ့ သူချထားတဲ့ မျှော်မှန်းချက် မူဝါဒ ရည်မှန်းချက် များကို အားထားပြီးတော့ လုပ်ဆောင်သင့်တယ်” ဟု ကျောက်မဲမြို့နယ် လွှတ်တော်အမတ် စိုင်းထွန်းဉာဏ် ကပြောသည်။
ပြည်နယ်အစိုးရ တရားဝင်လုပ်ပိုင်ခွင့်သည် အခြေခံဥပဒေ ဇယား(၅)တွင်ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း လုပ်ပိုင်ခွင့်ရှိပြီး ၂၀၁၄ က ပြဋ္ဌာန်းလိုက်သည့် လျှပ်စစ်ဥပဒေ သည် မဂ္ဂါဝပ် ၃၀ ကို ပြည်နယ်အတွင်း လွတ်လပ်စွာ သုံးစွဲပိုင်ခွင့်ရှိခြင်း၊ ရင်းနှီးမြှပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၅ သန်းထက် မကျော်ရသည့် ရင်းနှီးမြှပ်နှံမှုဆိုသည့် လုပ်ပိုင်ခွင့်သည် ပြည်နယ်အစိုးရတွင် လွတ်လပ်စွာ ရှိကြောင်း အဆိုင်တင်သွင်းသူ ဦးစိုင်းထွန်းဉာဏ် ကပြောသည်။
“ကွာဟချက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကား အစီး ထောင် နဲ့ချီပြီးတော့ ရန်ကုန်ပြည်သူလူထုအတွက် တင်သွင်းဖို့ လုပ်တဲ့ချိန်မှာ ကျနော်တို့ ဒီမှာ လျှပ်စစ်မီတာကဏ်ဏ္ဍကို ပြည့်စုံအောင်ဆောင်ရွက်ပေးပါ။ အဆိုတင်တာတောင်မှ ဒါ ပြည်ထောင်စုနဲ့ဆိုင်တယ် ဆိုတဲ့ ဟာမျိုး သူက လုံးဝကို ရုန်းမထွက်ဘူး။ ဒီပြည်နယ်အစိုးရက ဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်း ကျတော့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့က ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပါတယ်။
ဒီလုပ်ကွက်တွေကို ပြန်လည်စိစစ်သင့်တယ်လို့ ပြည်သူတွေ ပြောနေတဲ့အချိန်မှာ ကျနော်တို့ သျှမ်းပြည်နယ်က ကျောက်မီးသွေးကို ကန့်ကွက်တယ်။ ဒါကို လာဆွေးနွေးတောင်မှ ပြည်ထောင်စုနဲ့ဆိုင်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတော့ ကျနော်တို့ အားမရဘူး အဲ့လိုအနေအထားဖြစ်နေလို့ပါ” ဟု ၄င်း ကပြောသည်။
သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမှ ၄င်း အဆိုကို မှတ်တမ်းတင်ထားမည်ဟု ပြန်လည်ဖြေကြားရာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်သဖြင့် ထောက်ခံမဲ ရ၆ မဲ ရရှိကာ ကန့်ကွက်မဲ ၄၈ မဲ ရရှိခဲ့သည်။ လွှတ်တော်စတုတ္ထနေ့ အစည်းအဝေး တက်ရောက်သည့် ကိုယ်စားလှယ် ၁၂၅ ဦး ရှိသည့် အနက် မဲပေးပိုင်ခွင့် ၁၂၄ ဦး ရှိပြီး စိုင်းထွန်းဉာဏ် ၏ အဆိုကို လွှတ်တော်၌ အတည်ပြု သွားခဲ့ပါသည်။
ဆက်ဖတ်ရန်
ချင်းမိုင်မြို့တွင် ကျင်းပမည့် တိုင်းရင်းသား အလုပ်ရုံဆွေးနွေးပွဲတခု ထပ်မံပိတ်ပင်ခံရ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ယနေ့ ဩဂတ်စ် ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ တိုင်းရင်းသားလူမျိုးများစင်တာ ENAC မှ ဦးဆောင်ကျင်းပရန် စီစဉ် ထားသည့် အလုပ်ရုံဆွေးနွေးပွဲအား ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ ဖြစ် သည့် NRPC က ကျင်းပခွင့်လက်မှတ်ထိုးပေးခြင်းမရှိသော ကြောင့် ထိုင်း အစိုးရက ကျင်းပခွင့်မပေးကြောင်း ကြားသိရသည်။
“ကျနော်တို့ဘက်ကတော့ ကျင်းပခွင့်ပေးဖို့ အဆင်သင့်ဘဲ။ ဒါပေမယ့် NRPC က လက်မှတ် မထိုးပေး တော့ ကျနော်တို့လဲ ဘာမှလုပ်လို့မရဘူး” - ဟု တာဝန်ရှိ ထိုင်းအရာရှိတဦး ကပြောသည်။
စတင်တည်ထောင်ကတည်းက ပုံမှန်ကျင်းပလေ့ရှိသည့် ဝေါ့ရှော့၊ ဆွေးနွေးပွဲများသည် ယခင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ လက်ထက်က ထိုင်းအစိုးရထံ တစုံတရာတောင်းဆိုခြင်းမရှိကြောင်း၊ ယခု ဒေါ်အောင် ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရက ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံနှင့် ဆိုင်သည့် အစည်းအဝေးတိုင်း NRPC ထံ ကျင်းပခွင့်ရမှသာ ကျင်းပခွင့်ပြုရန် ထိုင်း အစိုးရအား ပန်ကြားထား သော ကြောင့် NRPC ထံခွင့်ပြုချက်ရမှသာလျှင် ကျင်းပခွင့်ပေးနိုင်မည်ဖြစ် ကြောင်း အမည်မဖေါ်လိုသည့် ထိုင်းနိုင်ငံလုံခြုံရေးအရာရှိ နောက်တဦးကလည်း ပြောသည်။
တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC မှ အမှုဆောင်ဒါရိုက်တာ ဦးဇိုထုံးမုန်းအား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာမှာ ၎င်းက - “ကျနော်မအားသေးဘူး။ ဖြေလို့မရသေးဘူး” ဟု ပြောကြားကာ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
ဂျူလိုင်လ ၂၀ - ၂၂ ရက်နေ့ ကလည်း သျှမ်းလက်နက် ကိုင်အဖွဲ့ အစည်း များမှ ခေါင်ဆောင်များ၊ သျှမ်းနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များပါဝင် မည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးအား ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအစိုးရ စစ်သံမှူးက ထိုင်းအစိုးရထံ ဟန့်တားပေးရန် စာပေးပို့ခဲ့သော ကြောင့် သျှမ်းများအစည်းအဝေး ကျင်းပ နိုင်ခြင်းမရှိပေ။
ယခု ကျင်းပမည့် ဝေါ့ရှော့မှာမူလူထု ရွေးကောက် တင်မြောက်ထားသည့် အစိုးရ က ကျင်းပရန် လက်မှတ်ရေးထိုးပေးခြင်းမရှိသောကြောင့် ထိုင်းအစိုးရ မှ ပိတ်ပင်ဟန့်တားခြင်းခံရခြင်းဖြစ်သည်။
၂၀၁၃ ခု တွင် စတင်ဖွဲ့စည်းထူထောင်လာသည့် တိုင်းရင်းသားလူမျိုး များရေးစင်တာ ENAC တွင် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင် တိုင်းရင်းသားပါတီ အများ စု ပါဝင်ထားသည့် UNA အဖွဲ့ဝင် နိုင်ငံရေး ပါတီများ လူမှုအသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် အားလျော်စွာ တိုင်းရင်းသားများ တန်းတူရေးအပါအဝင် ဖက်ဒရယ်ဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ မြေယာခန့်ခွဲရေး ဆိုင်ရာများ ဝေါ့ရှော့၊ အစည်းအဝေး ပုံမှန် ကျင်းပပြုလုပ်လျက်ရှိသည်။
ဆက်ဖတ်ရန်
အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ - ပြည်နယ်(သျှမ်း) အား UN ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ
ပည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့် ကြည့်ရေးကော်မတီ နှင့် ကုလသမဂ္ဂနည်း ပညာ ပိုင်းဆိုင်ရာလိုအပ်ချက်များ အကဲဖြတ်အဖွဲ့ UN Technical Need Assessment တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ၉ ကြိမ်မြောက် JMC-S ဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ဩဂတ်စ်လ ၂၆ ရက်နေ့မနက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ ရှိ JMC-S ဗဟိုကော်မတီများအား UN Technical Need Assessment မှ Mr. Ajay Sethi ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံ၍ JMC လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် UN ဘက်မှ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း RCSS/SSA ပိုင် တိုင်းဖရီးဒမ်းဝက်ပ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါနေ့ညနေပိုင်းတွင်မူ သျှမ်းပြည်နယ် JMC-S ၉ ကြိမ်မြောက်အစည်းအဝေးအား လဲ ကျင်းပခဲ့သည်။ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းအတွင်း ဒေသခံလူထု နှင့် တွေ့ဆုံရှင်းလင်းခဲ့မှုများနှင့် လုပ်ငန်းဆောင်တာ များကိုပြန် လည်ရှင်းလင်းခဲ့ကြကြောင်း ဆိုပါသည်။
အစည်းအဝေးသို့ JMC-S ဥက္ကဋ္ဌ ၊ ခိုလမ်အခြေစိုက် ရလခ စစ်တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် ၊ JMC-S ဒုတိယ ဥက္ကဋ္ဌ-၁ ဗိုလ်မှူးကြီး စိုင်းဟန် (RCSS) ၊ JMC-S ဒုဥက္ကဋ္ဌ-၂ ဦးဝင်းတင့် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်း အောင် ၊ သျှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစိုးစိုးဇော် ၊ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင် ၊ RCSS တောင်ကြီး ဆက်ဆံ ရေးရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး ၊ RCSS ခိုလမ်ဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဒေဝိန် ၊ PNLO မှ ဗဟိုကော်မတီဝင် ဗိုလ်မှူး နန်းဖြူပြာ ၊ အရပ်သား ကိုယ်စား လှယ် ဒေါ်နန်းဆွေနွယ်ဝင်း ၊ ဒေါ်စိန်ချယ် ၊ ခွန်စိုးထွန်းအောင် နှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် ၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တို့မှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခိုလမ်မြို့နယ်ခွဲ JMC-S ဆက်ဆံရေးရုံးမှ အရာရှိတဦးကမူ- တလတခါကျင်းပ တဲ့ပုံမှန်အစည်းအဝေး ဖြစ် တယ်။ ပြီးခဲ့တဲ့ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကိုပြန်လည်ဆွေးနွေး တင်ပြကြတယ်။ နောက်ပြီးတော့ သျှမ်းပြည် တောင်ပိုင်း မြို့နယ်တော်တော်များများမှာ ထပ်မံကွင်းဆင်းတွေ့ဆုံရေးအတွက် အစီအစဉ်များထပ်မံ ချမှတ် ဆွေးနွေးခဲ့ပါတယ် - ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်၊ ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကိုယ်စားလှယ်နှင့် တပ်မတော်မှကိုယ်စားလှယ်များ တွေ့ဆုံကာ သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်၊ လဲချား၊ ပင်လုံနှင့်နမ့်စန်မြို့များတွင်ဒေသခံလူထုနှင့်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးသဘော တူညီချက် NCA နှင့် တပ်မတော်မူ CoC တို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့မှုများကိုပြန်လည်ရှင်း လင်းခဲ့ကြသည် ဟုဆိုပါသည်။
ယခုနှစ် မေလ ၃၀ ရက်နေ့က RCSS/SSA ၊ PNLO နှင့်တပ်မတော်ကိုယ်စားလှယ်များက ခိုလမ်မြို့နယ်ခွဲတွင် ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့် ကြည့်ရေးရုံးကိုပူးပေါင်းဖွင့်လှစ်ကာ လင်းခေးမြို့ တွင် ခရိုင်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့် ကြည့်ရေးရုံးဖွင့်လှစ်ခဲ့သည်။
ဆက်ဖတ်ရန်
သျှမ်းပြည်မြောက်ပိုင်းဖြတ်သည့် ဂက်စ်ပိုက်လိုင်းဆိုင်ရာမေးခွန်း သျှမ်းပြည်နယ်အစိုးရ ဖြေဆိုခွင့်မရှိဟုဆို
သျှမ်း ပြည် မြောက်အတွင်းဖြတ်တန်းသည့် ရေနံနှင့် သဘာဝဂတ်စ်ပိုက်လိုင်း ဆိုင်ရာ မေးခွန်းအား နမ့် ဆန်မြို့ ပြည်နယ်လွှတ်တော်အမတ်တဦးက သျှမ်းပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြမေး ခွန်း မေးမြန်းရာ သျှမ်းပြည်နယ်အစိုးရအနေဖြင့် ဖြေဆိုခွင့် မရှိသောကြောင့် နေပြည်တော် သို့သာ မေးမြန်းရန် ဝန်ကြီး ဒေါက်တာညီညီအောင်က ဖြေကြား သည်ဟု ဆိုသည်။
ဩဂတ်စ် ၂၈ ရက် ၂၀၁၇ ခု သျှမ်းပြည်နယ် လွှတ်တော် ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေး စတင်သည့်နေ့တွင် ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ဦးအောင်ထွဏ်း က မြန်မာ နှင့် တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်းရောင်းရငွေ၏ အမြတ် ၅% အား သျှမ်းပြည်နယ် ဘဏ္ဌာရေးအဖြစ် ခွဲပေးရန်ရှိမရှိ၊ ရေနံ၊ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းမှ ဖြစ်ပေါ် လာမည့် ဆိုးကျိုး အတွက် နိုင်ငံတော်မှမည်သို့ ကြိုတင်ဆောင်ရွက်ပေးမည် ဆိုသည့် ကြယ်ပွင့်ပြမေးခွန်း အားမေး မြန်းခဲ့သည်ဟုဆိုသည်။
သျှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက် တာ ညီညီအောင် က - အဆိုပါမေးခွန်းသည်သျှမ်းပြည်နယ်နှင့် သက်ဆိုင်သည့်မေးခွန်း မဟုတ် ကြောင်း၊ ဖွဲ့စည်းပုံဥပဒေ ဇယား(၂) အရ ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက်ပတ်သက်သောကြောင့် နေပြည်တော်သို့ထံ မေးမြန်သင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟုဆိုသည်။
“တာဝန်ခံမှု တာဝန်ရှိမှု မရှိဘူးလို့ ယူဆတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ပြည်နယ် ထဲမှာ လည်း ဖြတ်သွားတယ်၊ တကယ့်လို့ ဒီပိုက်လိုင်းက အန္တရာယ်ဖြစ် လာပြီ ဆိုရင် လူထုရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်ရမှာ၊ ဒါအစိုးရတာဝန်ပဲ။ ကျနော်တို့က ပြည်နယ်အစိုးရကို ကျော်ပြီး မေးပိုင်ခွင့်မရှိဘူးလေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်နယ်အစိုးရပဲမေးမယ် ။ လူထုအတွက် အန္တရာယ်ရှိတယ်လို့ ယူဆတယ်။ ဒါ တစ်မြို့နယ်တည်း အတွက်တင်တာမဟုတ်ဘူး။ သျှမ်းပြည်နယ်တစ်ခုလုံးကိစ္စဖြစ်တယ်” - ဟု နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးအောင်ထွဏ်း ကပြောသည်။
မြန်မာ နှင့် တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်းရောင်းရငွေ၏ အမြတ် ၅% အား သျှမ်းပြည်နယ် ဘဏ္ဌာရေးအဖြစ် ခွဲပေးရန်ရှိမရှိနှင့်ပတ်သက်ပြီး ယခင်ကလည်း နမ္မတူမြို့နယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် နန်းခမ်းအေးက လွှတ်တော်ပထမသက်တမ်းက တင်ပြမေးမြန်းပြောဆိုခဲ့ဖူးသည်။
ရခိုင်ကမ်းလွန်ရေပြင် အတွင်းရှိ ရေနံ နှင့် သဘာဝဓါတ်ငွေ့အား တရုတ်ပြည်သို့ နှစ် ၃၀ စီမံကိန်း ဖြင့် ရောင်းချထားသည်။ အဆိုပါ ရေနံနှင့် သဘာဝ ဓါတ်ငွေ့များအား ၂၀၁၃ မှစ၍ တရုတ်နိုင်ငံ သို့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်းတို့မှတဆင့် နေ့စဉ်ဂါလံ သန်းပေါင်းများစွာပို့ဆောင်နေသည်။
ဆက်ဖတ်ရန်
UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာတင်ကြောင်း SSPP/SSA အတည်ပြု
ညီညွှတ်တော်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှုတ်ထွက်စာတင်ထားကြောင်း ပြောရေး ဆိုခွင့်ရှိသူ စိုင်းဘုန်းဟန်က အတည်ပြုပါသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်က လူကြီးတွေ ဆွေးနွေးနေပါတယ်။ နှုတ်ထွက်စာတော့ ဒီလ ၁၂ ရက်နေ့ ကတည်းက တင်ထားတာပါ” ဟု စိုင်းဘုန်းဟန် ကပြောသည်။
ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်သည့် အကြောင်း UWSA ၀ တပ်ဖွဲ့မှ ကမကထပြု ဦးဆောင်ကျင်းပနေသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် ဒုတိယ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ခွန်ဆိုင်မှ တင်ပြဆွေးနွေးသည့် အစည်းအဝေးရုပ်သံအားလည်း ၀ တပ်ဖွဲ့ ပိုင် ရုပ်မြင်သံကြားတွင် ယမန်နေ့က ထုတ်လွှင့်ခဲ့သည်။
ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည့် အကြောင်း ပြီးခဲ့သည့်ခြောက်လပတ်အစည်းအဝေးက ဆုံးဖြတ်ထားသည်ဟုလည်း ဌာနချုပ် ရုံး အရာရှိတဦးကလည်းသျှမ်းသံတော်ဆင့်သို့ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှုတ်ထွက်မှုကြောင့် UNFC တွင် မွန်ပြည်သစ်ပါတီ NMSP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP လားဟူဒီမိုကရက်တစ်ယူနီယံ LDU နှင့် ရခိုင်အမျိုးသား ကောင်စီ ANC တို့သာ ကျန်ရှိသည်။
UNFC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ဆွေးနွေးညှိနှိုင်းနေသည်။ သဘောတူညီချက် အချို့ရရှိပါက မကြာမှီလက်မှတ် ရေးထိုး တော့မည်ဟုလည်း သတင်းများထွက်ပေါ်နေပါသည်။ သျှမ်းပြည်တပ်မတော် SSPP/SSA သည် UNFC မတိုင်ခင် ခေတ်အဆက်ဆက် အဖွဲ့အစည်းများမှ ပါဝင်လာသည့် UNFC ၏ အဓိက အဖွဲ့ဝင် အဖွဲ့တဖွဲ့ဖြစ်သည်။
ဆက်ဖတ်ရန်
ပြည်နယ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ လွိုင်လင်ခရိုင် - ၃ မြို့နယ် လူထုတွေ့ဆုံပွဲတွင် RCSS မပါဝင်
သျှမ်းပြည်နယ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြည်နယ်အဆင့် JMC-S ဥက္ကဌ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ဦးဆောင်ဆောင်သည့် အဖွဲ့သည် သျှမ်းပြည်တောင်ပိုင်း ၃ မြို့နယ်အတွင်း ဒေသခံ လူထုနှင့်တွေ့ဆုံမှုတွင် တနိုင်ငံလုံး အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ် မပါဝင် ကြောင်းသိရသည်။
သြဂတ်စ်လ ၁၈ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ၊ လဲချားမြို့နယ် နှင့် ပင်လုံမြို့ ဒေသခံများနှင့် သွားရောက်တွေ့ဆုံရာမှုတွင် သျှမ်းပြည်နယ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဥက္ကဌ ဗိုလ်ချုပ်သန်းလှိုင်၊ ဒုတိယ ဥက္ကဌ ဦးဝင်းတင် ၊ အဖွဲ့ဝင် ရဲမှူးချုပ်အောင်အောင် ၊ အတွင်းရေးမှူး ၁ ခွန်ထွန်းတင် (PNLO) စသည့် ပုဂ္ဂိုလ်များ ပါဝင်သော်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်များမပါရှိပေ။
နီးကပ်စွာဖိတ်ကြားလာသဖြင့် ပြင်ဆင်ချိန်မရလိုက်ဟုဆိုကာ RCSS မှပူးပေါင်းပါဝင်ခြင်းမရှိခဲ့ရကြောင်း သိရသည်။
RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံးမှအရာရှိ ဒုဗိုလ်မှူးကြီးစိုင်းဦးက - ကြိုတင်မသိထားရဘဲနဲ့ အချိန် နီးကပ်မှ ဖိတ်လာတဲ့အတွက်ကျနော်တို့လူတွေက ကိုယ်စီအစည်းအဝေးတွေနဲ့မို့မလိုက်ဖြစ်တာပါ။ ဖိတ်စာမ ဟုတ်ပါဘူး ဖုန်းဆက်ဖိတ်လာတာပါ။ ကျနော်တို့အသင့်မဖြစ်လို့ ကျနော်တို့ အနေနဲ့ မလိုက်နိုင်တော့ ဘူး လို့တခါတည်းဖြေပေးလိုက်ပါတယ်။ ကျနော်တို့မလိုက်ပေမယ့်လည်း သူတို့ကတော့လုပ်မှာ ဘဲ။ သွားမှာဘဲဆိုတဲ့ သဘော။ ဒီကိစ္စက ဘာဘဲဖြစ်ဖြစ်ပူးပေါင်းဆောင်ရွက်မှ အလုပ်ဖြစ်မှာပါ။ အကောင်းဆုံးက တော့ ကြိုတင်ဆွေးနွေးရင် ကြိုတင်ပြင်ဆင်လို့ရတာပေါ့ - ဟု ပြောသည်။
JMC-S ဥက္ကဌ ၊အရှေ့အလယ်ပိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် ဦးဆောင်သည့် JMC-S ကိုယ်စားလှယ် များ အဖွဲ့သည် သြဂတ်စ်လ ၁၇ ရက်က ပင်လုံမြို့ဒေသခံများနှင့်လည်းကောင်း၊ သြဂတ်စ်လ ၁၆ ရက်နေ့တွင် လဲချားနှင့် မိုင်းကိုင်ဒေသခံများအားလည်းကောင်း၊ ၁၈ ရက်နေ့တွင် နမ့်စန်ဒေသခံများ နှင့် လည်း ကောင်း ဆက်တိုက်တွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။
လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းမြထွေးက - ဘယ်လက်နက်ကိုင်အဖွဲ့မဆို ဒေသခံလူထုအပေါ် လူ့အခွင့်အရေးကျူးလွန်လာရင် မကြောက်မရွံ့ဘဲနဲ့ တင်ပြပြောဆိုဖို့ လူထုတွေ့ဆုံရာမှာ သူတို့ရှင်းပြသွားတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလူထုပါဝင်ဖို့လိုအပ်တယ်။ အဘက်ဘက်ကပါဝင်မှ အောင်မြင်မယ်။ နှစ်ပေါင်း ရ၀ ကျော်ပြီ လူထုငြိမ်းချမ်းရေးမရသေးတာ။ အဲ့တာကြောင့်ငြိမ်းချမ်းရေး ရဖို့အားလုံးပါဝင်မှရမယ်လို့ကျမမြင်မိပါတယ်- ဟုပြောဆိုသည်။
ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှကိုယ်စားလှယ်များ ၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် မှကိုယ်စားလှယ်များ၊ လူထုကိုယ်စားလည်များပါဝင်ဖွဲ့စည်းထားသည်။ JMC-S ရုံးကို လည်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့တွင် ယခုနှစ်မေလ ၃၀ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
ဆက်ဖတ်ရန်
အကြိမ် ၉၀ မြောက် ထိုင်း-မြန်မာနယ်ခြားကော်မတီ အစည်းအဝေး အာဆီယံသစ်တောပူးပေါင်းထိန်းသိမ်းဖို့ သဘောတူ
မြို့နယ်အဆင့် ထိုင်း - မြန်မာနယ်ခြားကော်မတီ TBC ၏ အကြိမ် ၉၀ မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် တွင် ကျင်းပခဲ့ပါသည်။
သြဂတ်စ်လ ၉ ရက်နေ့က မယ်ဆိုင်မြို့နယ် မယ့်ခုန်ဒေလ်တာ ပူးတစ်ဟိုတယ်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးဖြစ်မြောက်ရေး အတွက် ထိုင်းအာဏာပိုင်များဘက်မှ ကမကထ ပြုခဲ့ကြောင်း ထိုင်းသတင်း စာမျက်နှာတွင်ဖော်ပြထားသည်။
ဒီတခေါက်ဆွေးနွေးတာက ခေါင်းစဉ်အများကြီးဘဲ ။ အဓိက ကတော့ တောမီးမရှို့ဖို့၊ ပျက်သုန်းနေတဲ့ အာဆီယံတော ကို ပြန်လည်ထိန်းသိမ်းဖို့၊ သစ်ပင်တွေ စုပေါင်း ဆိုက်ဖို့ သဘောတူကြတယ်။ အရင် တခေါက် တုန်းကလဲ နှစ်နိုင်ငံစလုံး သစ်ပင် စုပေါင်း စိုက်ပျိုးကြတယ်လေ - ဟု မယ်ဆိုင်မြို့နေ ထိုင်းအရာရှိတဦးက ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ ခမရ ၅၂၆ မှတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အောင်တင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ထိုင်းဘက်ကမူ ထိုင်း- မြန်မာနယ်စပ်ကော်မတီ ဥက္ကဌ ဒုဗိုလ်မှူးကြီး ကစ်တာကွန်း ကျန်ထရာ ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့တို့ တက်ရောက်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ချင်းမိုင်ခရိုင် ချင်းဒေါဝ်မြို့နယ် နောင်အုတ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့အကြား ကျူဖာဝေါက် တွင် တလတကြိမ် နယ်စပ်ဈေး (ကတ်နတ်) ဖွင့်လှစ်ရေး၊ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံသားတဦးအား သွား ရောက်ရှာဖွေခွင့်ရရှိရေး၊ ထိုင်းနိုင်ငံ ချင်းဒေါဝ်မြို့အတွင်း လူသတ်မှုကျူးလွန်ကာ သျှမ်းပြည်ဘက်ခြမ်း မိုင်းတုံမြို့နယ်ဘက်သို့ တိမ်းရှောင်သွားသည့် လူသတ်တရားခံအား သွားရောက်ရှာဖွေခွင့်ရရှိရေးတို့အတွက် ထိုင်းဖက်မှ ဆွေးနွေးခဲ့ကြောင်း မယ့်ဆိုင်နယူးစ်သတင်းတွင်ဖော်ပြထားသည်။
ထို့အပြင် ထိုင်းနိုင်ငံက အလိုရှိနေသည့် လူသတ်တရားခံထိုင်း အမျိုးသမီး ၃ ဦးအား မြန်မာအာဏာပိုင်တို့ဘက် လက်တွဲဖမ်းဆီးပေးမှုတို့အပေါ် ကျေးဇူးတင်ကြောင်း ထိုင်းဘက်မှ ပြောဆိုခဲ့ပြီး တောတောင်ရေမြေစိမ်း လန်းစိုပြေ ရေး အာဆီယံသစ်ပင် သစ်တောစိုက်ပျိုးထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။
ဓါတ်ပုံ- Maesai news
ဆက်ဖတ်ရန်
သျှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်နေမှုကိုရပ်စဲပေးဖို့ အစိုးရ နဲ့ တပ်မတော်ကို PPST တောင်းဆို
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ အစည်းအဝေး ၂ ရက်တာ ကျင်းပရာမှာ အစိုးရ တပ်မတော် ကနေ သျှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ပစ်ခတ်တိုက်ခိုက် နေမှုကို ရပ်စဲပေးဖို့တောင်းဆိုလိုက်ပါတယ်။
သြဂတ်စ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ PPST ကနေအစည်းအဝေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ရင်ဆိုင်နေရတဲ့အခက်အခဲတွေ ဆက်ပြီးသွားနိုင်ဖို့ ရီဗျူးလုပ်တာဖြစ်တယ်။ အားနည်းချက်တွေပြန်ရှာပြီးတော့ အားသာချက်ကို ရယူဖို့အတွက် ကျနော်တို့ လုပ်တာဖြစ်တယ်။ ပြောမယ်ဆိုရင်ကျနော်တို့အများကြီးနားလည်မှုတွေ ညီညွတ်မှုတွေရလာခဲ့တယ်။ ကျနော် တို့ရှေ့ကိုသွားဖို့ညီညွတ်ရေးကအရမ်းအရေးကြီးပါတယ်။ ဦးတည်ချက်တူ ညီတဲ့ကျနော်တို့တွေ လုပ်ဆောင်ချက်မတူညီပေမယ့် ဦးတည်ချက်ဆီကို Unity in Diversity နဲ့သွားရမှာဖြစ်တယ်။ - လို့ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကပြောပါတယ်။
NCA ဒုတိယ ပင်လုံ ကရလာတဲ့ အချက်အလက်တွေကိုပြန်လည်သုံးသပ်တဲ့ အဲဒီအစည်းအဝေးအပြီးမှာ အချက် ၅ ချက်ပါဝင်တဲ့ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်မှာတော့ NCA ပါအချက်အလက်တွေကို အကောင်အထည်ဖော်သွားမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် အစိုးရနဲ့တပ်မတော်ကို ဆွေးနွေးသွားမယ်၊ အစိုးရနဲ့တပ်မတော်ကို သျှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေမှုကနေရပ်တန့်ဖို့ တိုက်တွန်းတယ်။
နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထပ်မံပါဝင်လာနိုင်အောင် ဆောင်ရွက်ပေးဖို့တိုက်တွန်းတယ်။ အစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကိုအမြန်ဆုံးအဆုံးသတ်ပေးဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုကြီးတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာရေး ကြိုးပမ်းသွားမယ် အစရှိပါရှိပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ကနေ ၂၀၁၆ မတ်လတုန်းက ဖွဲ့စည်းထားပါတယ်။ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ KNU ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးတို့ ကနေဦးဆောင်ဦးရွက်ပြုထားတာဖြစ်ပါတယ်။
ဆက်ဖတ်ရန်
အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏ DPN အဖွဲ့တို့ ရန်ကုန်မြို့တွင်တွေ့ဆုံ
အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စား လှယ် အဖွဲ့ DPN တို့ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းကို ရန်ကုန်မြို့ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန တွင်ပြုလုပ်ကျင်းပခဲ့သည်။
သြဂတ်စ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ခြင်းမှာ သုည အဆင့်မျှသာရှိနေသေးကြောင်း DPN ကိုယ်စားလှယ်ခေါင်းဆောင် ခူဦးရယ်က အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
“ယုံကြည်မှုတည်ဆောက်ခြင်းဟာ အလွန်အရေးကြီးတယ်။ အခုအခြေအနေကိုပြန်ကြည့်မယ်ဆိုရင် ယုံကြည်မှုဟာ သုညအဆင့်မှာဘဲရှိနေသေးတယ်- လို့ ခူဦးရယ်က ပြောသွားတယ် ”- ဟု ဆွေးနွေးပွဲတက်ရောက်သူခေါင်းဆောင် တဦးကပြန်လည်ပြောပြသည်။
ဆွေးနွေးပွဲသို့ DPN ဘက်မှ ခူဦးရယ်ခေါင်းဆောင်သည့် ကိုယ်စားလှယ် ၉ ဦးတက်ရောက်ရာ KNPP မှ ၂ ဦး၊ မွန်ပြည်သစ် ပါတီ NMSP မှ ၂ ဦး ၊ ရခိုင် ANC မှ ၂ ဦး ၊ လားဟူ LDU က ၁ ဦး၊ SSPP မှ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူး ဟတ်ဟန် တို့ ၂ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင် PC ဘက်ကမူ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ် ခင်ဇော်ဦး၊ ဦးဇော်ဋ္ဌေး၊ ဦးသိန်းဇော်၊ ဦးအောင်စိုး၊ ဦးအောင်ကြည် တို့ပါဝင်သော ကိုယ်စားလှယ် ၁၂ ဦး တက်ရောက် ဆွေးနွေးကြ သည်။
လေ့လာသူများအဖြစ် PPWT ကိုယ်စားလှယ်များက တက်ရောက်ခဲ့သည်။ ထိုအထဲတွင် သျှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်း ၊ CNF လက်ထောက် အတွင်းရေးမှူး ဒေါက်တာ ရွှေခါး နှင့် PNLO အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူး ခွန်သောမတ် တို့တက်ရောက်ခဲ့သည်။
ဆက်ဖတ်ရန်
တပ်မတော်၏ လုပ်ပိုင်ခွင့်များကို မထိန်းချုပ်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ဟု တောင်ကြီးမြို့ ၈ လေးလုံး အခမ်းအနားတွင် ဦးဆောင်ကျင်းပသူများဝေဖန်
၂၉ နှစ်ပြည့် ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားကို တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ ၈ လေးလုံး အထိမ်းအမှတ် ကျောက်တိုင်ကွင်းမှာ သျှမ်းပြည် ၈ လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီ (နိုင်ငံရေးအကျဉ်းသားဟောင်း) များမှ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား ကျင်းပရေးကော်မတီ နာယက အောင်မြေဘုံစံကျောင်းတိုက် ဆရာတော် အရှင်ခေမာနန္ဒ မှ အဖွင့်သြဝါဒ မိန့်ခွန်းပေးပြီး၊ သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွါးရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ သျှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများစိစစ်ရေးကော်မတီဥက္ကဌ (နိုင်ငံရေးအကျဉ်းသားဟောင်း) ဦးစိုင်းမျိုးမြင့်၊ မြို့မိ မြို့ဖ ဆရာဦးမောင်မောင်သန်း၊ ၈ လေးလုံးနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်တိုး၊ ဦးအောင်အောင်တို့မှ အမှာစကားပြောကြားခဲ့သည်။
၈ လေးလုံးနှစ်ပတ်လည်အခမ်းအနားကို စစ်အစိုးရလက်အောက်မှာကတည်းက ခိုးကြောင်ခိုးဝှက် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြောင်း ၈ လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီ ဦးတင်မောင်တိုး ကပြောသည်။
တဖက်ကလည်း တပ်မတော်၏ လုပ် ပိုင်ခွင့် များကို မထိန်းချုပ်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်မည်မဟုတ်ကြောင်း၊ ရှေ့ဆက် ပြည်သူလူထုနှင့်အစိုးရကြားတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးမျိုးဆက်များမှ ကြားခံ အဖြစ် ပူးပေါင်း ကူညီသွားရန်ရည် ရွယ်ကြောင်း ဦးတင်မောင်တိုးကပြောသည် ။
"အာဏာရှင် ရှိနေရင် တော်လှန်ရေးကရှိနေဦးမှာပဲ ၊ တပ်မတော် ရဲ့ လုပ်ရပ်တွေကို မထိန်းချုပ် နိုင်ရင် ငြိမ်းချမ်းရေးမရနိုင်ဘူး ၊ တပ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ် နိုင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ပဲမဖြစ်နိုင်ဘူး ၊ ဒါ့ကြောင့် ၂၀၀၈ ကိုမပြင်ပဲ ငြိမ်းချမ်း ရေးမရနိုင်ဘူးလို့ ကျနော်တို့ ယုံကြည် ပြီးသား" ဟု ၄င်းက လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဝေဖန်သုံးသပ်သည် ။
နိုင်ငံရေး အကျဉ်းသားဟောင်း ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကလည်း "ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာတင် စားရင်း သောက်ရင်း ပြောနေပေမဲ့ တကယ်တမ်း ကျမတို့ သျှမ်းပြည်နယ် မှာ အတိုက်အခိုက် တွေ အပြစ်အခတ်တွေ နဲ့ပြေးလွှားနေရတုန်းပါပဲ ၊ ငြိမ်းချမ်းရပြီးမှ ၂၀၀၈ ကိုပြင်မယ့်ကိစ္စဟာ မဖြစ်နိုင်တဲ့ ကိစ္စ ပါပဲ "ဟု ပြောကြားသွားသည် ။ အဆိုပါ အခမ်းအနားရှိ ဓါတ်ပုံပြခန်းသို့ လာရောက်ကြည့်ရှုသူရာချီခန့်ရှိပါသည် ။
သျှမ်းပြည်နယ် လွှတ်တော် တိုင်ကြားစာများစိစစ်ရေးကော်မတီ ဥက္ကဌ (နိုင်ငံရေးအကျဉ်းသားဟောင်း) ဦးမျိုးမြင့် က “ဒီမိုကရေစီဘက်တော်သားတွေအားလုံး ကျနော်တို့ တွေအားလုံးပေါ့ နောက်ထပ် စစ်အာဏာရှင်ပေါ်ပေါက် လာမယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ ခုခံဖို့ တွန်းလှန်ဖို့ အဆင်သင့်ရှိတယ်၊ အားအင်တွေ မကုန်သေးပါဘူးဆိုတာကို ပြောချင်တယ်၊ ကျနော်မြင်တာကတော့ ကျနော်တို့ နိုင်ငံရေးအင်အားစုဟာ အရှိန်ကမသေသေးဘူး” ဟု ပြောသည်။
စစ်အာဏာရှင်တွေကို တော်လှန်ပြီး ကျဆုံးခဲ့သည့် ညီအစ်ကို ရဲဘော်ရဲဘက် ရဟန်းရှင်လူ အားလုံးကို မမေ့မလျော့ ဂုဏ်ပြုသည့် အနေနှင့် အခမ်းအနားကို ကျင်းပခြင်း ဖြစ်ရာ ၈ လေးလုံးနေ့ဖြစ်သည့် သြဂတ်စ်လ ၈ ရက်နေ့အား ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးစေလိုကြောင်း သျှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းနိုင် ကပြောသည်။
“၈ လေးလုံးနေ့ဟာ ရုံးပိတ်ရက်တစ်ခုအနေနဲ့ ဖြစ်စေချင်တယ်၊ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲဟာ ပြည်သူ့အရေး ကို တော်လှန်ခြင်းဖြစ်ခဲ့တဲ့အတွက် ကျနော်တို့အခုမှ အစပြောင်းရုံဘဲ ဖြစ်တဲ့အတွက် ဒါကို နောင်လာနောက်သားတွေ အားလုံး သိအောင် နိုင်ငံတော် နေ့ရက် တစ်ခုအနေနဲ့ ပိတ်ပေးစေချင်တယ်၊ လုပ်စေချင်တယ်” ဟု ပြောသည်။
၂၉ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်အခမ်းအနားတွင် ပါတီ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာ ၆ စောင်ရှိပါသည်။
ဆက်ဖတ်ရန်
NCA လက်မှတ်ထိုး နှင့် မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရ ငြိမ်းချမ်းကိုယ်စားလှယ်တို့တွေ့ဆုံမည်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာမည့်ရက်ပိုင်းအတွင်းအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ် များက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ အပါ အဝင် အပစ်မရပ်သေးသည့် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဟုသိရသည်။
ဩဂတ်စ်လ ၃ ရက်နေ့အတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ကိုယ်စားလှယ်များအားလည်းကောင်း၊ ဩဂတ်စ်လ ၄ ရက်နေ့တွင် NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုထားခြင်းမရှိသေးသည့် UNFC အဖွဲ့ဝင်ကိုယ်စားလှယ်များအား အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များက အသီးသီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ကြမည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေးကို အထောက်ကူပေးနေသည့် ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက - “အဓိက ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်အောင် ပေါ့။ အပစ်ရပ်ထားတဲ့ အဖွဲ့နဲ့ မရပ်သေးတဲ့ အဖွဲ့တွေလဲဒီကနေ့ တွေ့ဆုံဆွေးညှိနှိုင်းကြတယ်။ PC နဲ့ တွေ့ဆုံရင် ဘယ်လိုဆွေးနွေးကြမလဲ ဆိုတာ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တွင် ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဦးအောင်ကြည်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးလှမောင်ရွှေနှင့် ဦးကျော်လင်းဦးတို့ ပါဝင်မည်ဖြစ်သည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့မှာမူ ၎င်းတို့ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အလုပ်အဖွဲ့ PPWT ခေါင်းဆောင် ဗဒိုစောကွယ်ထူးဝင်းက ဦးဆောင်မှာဖြစ်ပြီး၊ အပစ်အခတ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် UNFC က ၎င်းတို့ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင် ရာဆွေးနွေးညှိနိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူးဦးရယ် က ဦးဆောင်ကာ တွေ့ဆုံကြမည်ဖြစ်သည်။
ဆက်ဖတ်ရန်
CSSU ရဲ့အစည်းအဝေးကို မြန်မာအစိုးရရဲ့စစ်သံမှူးပိတ်ပင်လိုက်တာဟာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိ CSSU ဥက္ကဌပြော
မန်မာအစိုးရရဲ့ စစ်သံမှူး က မြန်မာကောင်စစ်ဝန်ရုံးကနေ CSSU အစည်းအဝေးမကျင်းပဖို့ တားမြစ်လိုက်တာဟာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌက ပြောဆိုလိုက်ပါတယ်။
အစည်းအဝေးကျင်းပဖို့ အဆင်သင့်ဖြစ်နေချိန်မှာ မြန်မာစစ်သံမှူးကနေ CSSU ကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် ကျနော်တို့အားလုံး စိတ်ထိခိုက်ရတယ်။ သို့ပေမယ့်လည်း မေးစရာ က ၂ချက်ရှိနေတယ်။ CSSU ရဲ့လုပ်ဆောင်ချက်က ငြိမ်းချမ်ရေးကို ထိခိုက်စေတယ်ပျက်ပြားအောင်လုပ်တယ်လို့ သူတို့ပြောတာက ဘယ်လိုအကြောင်းတွေနဲ့ကိုင်ပြီးပြောသလဲ။ ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေက နေရာတိုင်းမှာရှိတယ်။ တပ်မတော်အနေနဲ့ ကျနော်တို့ဆက်ဆံရေးရုံးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ နောက်တခုက သူတို့ပြောလာတဲ့ CSSU ထဲမှာ NCA လက်မှတ်မရေးထိုးတဲ့အဖွဲ့ ပါတယ်ဆိုတာက SSPP/SSA တဖွဲ့ပါပါတယ်။
ဒါပေမယ့် SSPP/SSA အနေနဲ့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ UNFC နဲ့လည်း အမြဲတမ်း ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်။ ဒါကို ငြိမ်းချမ်းရေးကို ဆန့်ကျင်တယ်ဆိုတာ ဘယ်အကြောင်းပြချက်နဲ့ ပြောလိုက်တာလဲ။ တပ်မတော်နဲ့ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကလည်း DPN နဲ့ အမြဲတွေ့ဆုံနေတယ်။ UNFC နဲ့အမြဲတွေ့ဆုံနေတာဘဲ။ ငြိမ်းချမ်းရေးကို ဆန့်ကျင်တယ်ဆိုတာ ဘယ်အကြောင်းပြချက်နဲ့လဲ ။ ဆိုတော့ ကျနော်တို့ကို NCA လက်မှတ်မထိုးတဲ့အဖွဲ့ပါလို့ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတာ။ အဲ့တာကြောင့်ပိတ်ပင်တယ်ဆိုတာကတော့ ခိုင်မာတဲ့အကြောင်းပြချက်မဟုတ်ဘူး- လို့ CSSU ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဂျူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။
အခုကျင်းပမယ့် CSSU ညီလာခံဟာ လျှို့ဝှက်ပြီး လုပ်ဆောင်နေတာမဟုတ်ဘဲ ပြုလုပ်ခွင့်တောင်းပြီးတော့မှ လုပ်တာဖြစ်ကြောင်း၊ တပ်မတော်ဘက်ကနေ ထိုင်းနိုင်ငံ မြန်မာနိုင်ငံသံရုံးကို တားမြစ်ပိတ်ပင်ဖို့ စာရေးအကြောင်း ကြား လာတဲ့အပေါ် မြန်မာအစိုးရအနေနဲ့လည်း အကြောင်းမသိဘူးလို့ ပြောဆိုတဲ့အပေါ် သံသယဖြစ်ဖွယ်ရှိနေကြောင်း CSSU ဥက္ကဌက ပြောပါတယ်။
CSSU ရဲ့အစည်းအဝေးကို ဂျူလိုင်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့) ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်ကို ပြန်လည်သုံးသပ်ဖို့နဲ့ CSSU ရဲ့ မူဘောင်ကို ပြန်လည်ပြင်ဆင်ဖို့ စတာတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။
ဆက်ဖတ်ရန်
ချင်းမိုင်မြို့၌ ကျင်းပမည့် သျှမ်း CSSU အစည်းအဝေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးပိတ်ပင်
ဂျူလိုင် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည့် သျှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကပိတ် ပင်လိုက်သည်ဟု သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော် က ထိုင်းအာဏာပိုင်များအား CSSU အစည်းအဝေး အား အကြောင်းရင်း ၂ ချက် ဖြင့် တားမြစ်ပိတ်ပင်ပေးရန်တောင်းဆိုလိုက်သည်ဟု ဆိုသည်။
“အဓိက ကတော့ ဒီအစည်းအဝေးက တရားမဝင်သေးတဲ့ အဖွဲ့အစည်းတွေပါတယ်။ နောက်တခု မြန်မာ့အရေး ရှုပ်ထွေးအောင် ပြုလုပ်ဖို့ကြံရွယ်တဲ့ နိုင်ငံခြားသားတချို့ပါတယ်- စတဲ့ အကြောင်း ရင်းတွေ ကြောင့် ပိတ်ပင်တာတဲ့။ ဒီတော့ မနက်ဖြန် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေး က ပုံစံတမျိုးတဖုံပြောင်းသွားနိုင်တယ်” – ဟု ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သည့် ပုဂ္ဂိုလ်တဦး က ပြောသည်။
ထို့အတူ ထိုင်းလုံခြုံရေးအရာရှိတဦးကလည်း - “ ဒါ နိုင်ငံရေးနဲ့ ဆိုင်တော့ ကျနော်တို့လဲ မတတ်နိုင်ဘူး။ ဟိုက တားမြစ်ခိုင်းတော့ ကျနော်တို့လဲ ခွင့်မပြုနိုင်ဘူး။ ဒီကိစ္စက ကျနော်တို့လဲ နားမလည်ဘူး။ အပစ်ခတ်စာချုပ် NCA လုံးဝ မလုပ်သေးတဲ့ UNFC လို အဖွဲ့တော့ မပိတ်ပင်ဘူး။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်လုပ်တဲ့ အစည်းအဝေးကျတော့ မလုပ်စေချင်ဘူးဆိုတော့ ” - ဟု သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။
အဆိုပါ အစည်းအဝေးသို့ အပစ်ရပ် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် သျှမ်းပြည် တပ် မတော် SSPP/SSA ကိုယ်စားလှယ် နှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်းခံရသည့် စဝ်ဟန် ယောင်ဟွေ (ဦးဟန်ယောင်ဟွေ့) ပါဝင်တက်ရောက်မည်ဆိုသည့် အချက်ကြောင့် ဖြစ်နိုင်သည်ဟု ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU သည် တောင်ပိုင်း၊ မြောက်ပိုင်းအခြေစိုက်သျှမ်းလက်နက် ကိုင်တပ်ဖွဲ့များ၊ သျှမ်းအမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီများ၊ သျှမ်းလူမှုအသင်းအဖွဲ့များ ပါဝင်ဖွဲ့ စည်းထားသည်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဥက္ကဌ ရာထားအား တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ထမ်းဆောင်ထားသည်။
ဆက်ဖတ်ရန်
တောင်ကြီးမြို့တွင်ကျင်းပသော နှစ် ရ၀ ပြည့် အာဇာနည်နေ့ အခမ်းအနားလာရောက်ဂါရဝပြုသူများပြား
ဂျူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ရ၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ကျင်းပရာမှာ သျှမ်းပြည်နယ် အစိုးရအဖွဲ့၊ပါတီ အသီးသီး၊ အဖွဲ့အစည်းအသီးသီး နဲ့ ကျောင်းသား/ကျောင်းသူ များ လာရောက် ဂါရဝ ဂုဏ်ပြုကြပါတယ်။
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ၉ ဦးရဲ့ သမိုင်းကြောင်း နဲ့ ဓာတ်ပုံတွေ ကို အဓိကထားပြီး တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံမှာ ပြသထားပါတယ်။ ယခုနှစ်အခမ်းအနားဟာ ယခင်နှစ်ထက်ကလာရောက် ဂါရဝ ပြုသူ များပြားကြောင်း သိရပါတယ်။
ဦးဝင်းနိုင်စိုး တရားဥပဒေစိုးမိုးရေကွန်ရက် က ဦးဆောင်သူ “အာဇာနည်နေ့ နဲ့ ပတ်သက်ရင်တော့ နှစ်စဉ်နှစ်တိုင်း အာဇာနည် ၉ ဦးရဲ့ သမိုင်းကြောင်းကို နှစ်စဉ်နှစ်တိုင်း စာကြည့်တိုက်လုပ်ပြီး ဒီ ဗိုလ်ချုပ်ပန်းခြံမှာ ပြသပါတယ်။ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင် တွေအလေးပြုတဲ့အခါမှာ သူတို့တွေဟာ ဘယ်လိုလူစားမျိုးလဲ တိုင်းပြည်အတွက် ဘယ်လိုအနစ်နာခံခဲ့လဲ ဒီသမိုင်းကြောင်းတွေကို သိရှိပြီးမှ ဦးညွတ်ဂုဏ်ပြုလို့ရှိရင် သူတို့စိတ်ထဲမှာ လေးလေးနက်နက် ဂုဏ်ပြုချင်တဲ့ စိတ်ဖြစ်ပေါ်သွားစေ မယ်ပေါ့ အဲ့ရည်ရွယ်ချက်နဲ့ ပြသခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။
အာဇာနည်နေ့ဟာ မြန်မာနိုင်ငံ လွှတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီး တွေရဲ့ စွမ်းဆောင်မှုကြောင့် လွတ်လပ်ရေးရရှိခဲ့တာကြောင့် ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း အောက်မေ့သတိရ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
“ဒီနှစ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပါတယ်၊ ကျောင်းတွေ အခြေခံကျောင်းတွေ ကိုယ်ပိုင်ကျောင်းတွေ ကျောင်းသား ကျောင်းသူ အားလုံး အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကြေးရုပ်မှာ လာပြီး အောက်မေ့သတိရ အခမ်းအနားတွေ တက်ရောက်ဖို့ သျှမ်းပြည်နယ် အစိုးရအနေနဲ့ စာထုတ်ထားပြီးတဲ့နောက် ဒီလိုနေ့မှာ စုံစုံညီညီနဲ့ လာရောက်အလေးပြုကြပါတယ်၊ အဲ့ဒီလိုဘဲ ပါတီစုံ၊တိုင်းရင်းသားစုံ လာရောက် ဂုဏ်ပြုကြပါတယ်” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၊ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ကပြောပါတယ်။
နှစ် ရ၀ ပြည့် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင် များကို ဂါရဝ ဂုဏ်ပြုရန်အတွက် မြန်မာနိုင်ငံတစ်ဝန်း အားလုံး က အောက်မေ့ သတိရ အခမ်းအနားကို ပြုကြပါတယ်။
ဆက်ဖတ်ရန်
တောင်ကြီးမြို့ NLD အလုပ်အမှုဆောင် ၁၄ ဦးအား အလုပ်နှင့်တာဝန်မှ ရပ်နားရန် နေပြည်တော်ဒီချုပ် ထုတ်ပြန်
တာင်ကြီးမြို့ နယ်အလုပ် အမှုဆောင်အဖွဲ့ဝင် များအား အလုပ်အမှုဆောင်အဖွဲ့ ၀င်များအဖြစ်ထုတ်ပယ်လိုက်သည့် အပေါ် တစ်ဦးတစ်ယောက်တည်း၏ ဆန္ဒဖြင့် ဆုံးဖြတ်သည့် ကိစ္စဖြစ်သည့် အတွက် ဒီမိုကရေစီမဆန်ပဲ အာဏာရှင်ဆန်သည် ဟု NLD ပါတီ ၏ တောင်ကြီးမြို့နယ် အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးမောင်မောင် ကပြောသည် ။
" ဗဟို CEC (အလုပ်အမှုဆောင်အဖွဲ့) ရွှေဂုံတိုင် ရုံးချုပ်ကထွက်တာမဟုတ်ဘူး ။ ခုကိစ္စက ဘဲဥပုံတံဆိပ် နဲ့ နေပြည်တော်ကထွက်တာ ။ ဦးဝင်းထိန် အနေနဲ့ သူအလျဉ်းသင့်တဲ့လူတွေကိုပဲထားရှိတာ သူနဲ့သိပ်ပြီး ပူးပူးတွဲတွဲမရှိတဲ့လူတွေကို အကုန်လုံးကို ထုတ်ပစ်လိုက်တာ ၊ သူအနေနဲ့ သူ့လူတွေကို အစားထိုးဖို့ပြင်ဆင်တဲ့ သဘောပေါ့ " ဟု ၄င်းကပြောသည် ။
NLD ပါတီ ၏ တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၄) ဦး အား အလုပ်မှု ဆောင်အဖွဲ့ဝင်များအဖြစ်မှ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်လက်မှတ် ဖြင့် ဂျူလိုင်လ (၁) ရက်နေ့က ထုတ်ပယ်လိုက်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်) ၏ အကြောင်းကြားစာအရသိရသည် ။
"ရုံးနဲ့ကင်းကွာနေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ထုတ်တာပေါ့ ။ ရုံးနဲ့ကင်းကွာနေတာ မဟုတ်ဘူး လုပ်စရာရှိတာ တွေကို ရုံးမှာထိုင်ပြီးမှ လုပ်လို့ရတာမ ဟုတ်ဘူး ပြည်သူလူ ထုအတွက်လိုအပ်တဲ့ ကိစ္စရွာတွေ ရပ်ကျေးရုံးတွေ အကုန်လုံး သွားရတာပဲ လုပ်နေတာ ပဲ ၊ NLD ပါတီဟာ ဒီမိုကရေစီပါတီဖြစ်တယ် ၊ အာဏာရှင်ကိုတိုက်ထုတ်ခဲ့တဲ့ပါတီဖြစ် တယ် ဒီမိုကရေစီဆိုတာ အများဆန္ဒရဲ့သဘောတွေနဲ့ဆုံးဖြတ်ရမယ် အဲ့ဒီလိုမဟုတ်ပဲ အဲ့တာကိုတော့ ကျနော်တို့လက်မခံဘူး ဗဟို CEC အဖွဲ့ကို တင်ပြသွားဖို့ ရှိတယ် " ဟု ဦးမောင်မောင်က ဆက်ပြောသည် ။
အဆိုပါ အကြောင်းကြားစာတွင် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် အဖွဲ့ချုပ်ဝင်များအတွင်းစိတ်ဝမ်းကွဲအောင်လှုံ့ဆော်မှုများပြုလုပ်ခဲ့ပြီး မြို့နယ်ရုံး သို့လာရောက်ခြင်းမရှိ ၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် အတွက် မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင်များအဖြစ်သတ်မျတ်ခြင်းမပြုတော့ ကြောင်းရေးသားဖော်ပြထားသည် ။
ယခုကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ အမြင်မှာအထင်သေးသွားစေမည့် တိုင်းရင်း သားများအယုံအကြည် မဲ့စေမည့် လုပ်ရပ်ဖြစ်နေပြီး ယခုထုတ်ပယ်လိုက် သည့် မြို့ နယ်အလုပ် အမှုဆောင်အဖွဲ့ဝင် များထဲတွင်တိုင်းရင်းသား များပါရှိနေ ကြောင်း ၊တိုင်းရင်းသားများအယုံအကြည်မဲ့စေမည့် ကိစ္စမျိုးလုပ်နေမည်ဆိုရင် ရှမ်းပြည်နယ်တွင်းရှိ NLD ပါတီ၏အနာဂါတ်သည် အင်တန်မှစိုးရိမ်စရာကောင်းပြီး ဗဟို CEC (အလုပ်အမှုဆောင်အဖွဲ့) ကပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှုမလုပ်ဘူး ဆိုလျှင်ရေရှည်ပါတီ၏အနာဂါတ် မကောင်းနိုင်ဘူးဟု ဦးမောင်မောင် ဆက်လက်ဝေဖန် သုံးသပ်သည် ။
ဆက်ဖတ်ရန်
JMC-L ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးရုံး လင်းခေးခရိုင် လင်းခေးမြို့တွင်ဖွင့်လှစ်
သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင်တွင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးရုံး ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကိုပါ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဂျွန်လ ၂၈ ရက်နေ့က လင်းခေးခရိုင် လင်းခေးမြို့နယ် ပုန်းထွန်ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်သူ ၂၀၀ ခန့်ရှိကြောင်း ခရိုင်အဆင့်ကော်မတီဝင် စိုင်းဘဟန်ကပြောသည်။
“လောလောဆယ်တော့ JMC-L အတွက် ကော်မတီလည်းဖွဲ့ထားပါတယ်။ ရုံးလုပ်ငန်းအတွက်တော့မဖွဲ့ရသေးပါဘူး။ ဒါကြောင့် ပြည်နယ်အဆင့် JMC-S ကနေ ရုံးလုပ်ငန်းလည်ပတ်နိုင်ဖို့လာပြီး ကူညီဆောင်ရွက် ထားပေးပါတယ်။ မနေ့ကဖွင့်ပွဲမှာ ပြည်နယ်အဆင့် JMC-S နဲ့ ဒေသအဆင့် JMC-L ကဖိတ်ကြားထားတဲ့ အကြီးအကဲတွေ တက်ရောက်တယ်။ နောက်ပြီးတော့ ကော်မတီဝင်ရွာသား ၂ ယောက် ပအိုဝ်း PNLO က ၂ ယောက် စစ်တပ်က ၂ ယောက် ဒေသအဆင့်အုပ်ချုပ်ရေး ၁ ယောက်နဲ့ အာစီအက်အက်က ၁ ယောက် တက်ရောက် တယ်။ကျန်တာကတော့ ဒေသခံတွေပေါ့။ လူဦးရေ ၂၀၀ လောက်တက်ရောက်ခဲ့ပါတယ်။ ရုံးဖွင့်လှစ်ခြင်း အခမ်းအနားပါဘဲ အထူးတော့မရှိပါဘူး။ ”- ဟု စိုင်းဘဟန်ကပြောသည်။
ရုံးဖွင့်လှစ်အပြီး ပထမအကြိမ်အစည်းအဝေးကျင်းပရာ တွေ့ဆုံမိတ်ဆက်ခြင်းမျှသာဖြစ်ပြီး အထူးတလည်ဆွေးနွေးခြင်းမျိုးမရှိသေးကြောင်းဆိုပါသည်။
လက်ရှိတိုင် JMC-L ရုံးအပေါ်နှင့် အပစ်ရပ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သိရှိနားလည်သည့်ဒေသခံ နည်းပါးနေသေးသဖြင့် လာမည့်လတွင် ခရိုင်ကော်မတီများ မောက်မယ်ဘက်သို့ ကွင်းဆင်းကာဒေသခံ လူထုနှင့် တွေ့ဆုံရန်ရှိကြောင်းဆိုပါသည်။
“ကျနော်တို့လုပ်ရမှာက အပစ်ရပ်ရေး စောင့်ကြည့်ဖို့။ ငြိမ်းချမ်းရေးကို စောင့်ကြည့်ဖို့ နဲ့ဒေသခံတွေကို မကြာမကြာ တွေ့ဆုံရှင်းပြဖို့ပေါ့။ ဒီလုပ်ငန်းတွေကကျနော်တို့ ချည်းဘဲလုပ်သွားလို့မရဘူးလေ။ ဒေသခံလူထုနဲ့ လက်တွဲပူးပေါင်း လုပ်ဆောင်သွားမှ အောင်မြင်မယ်လေ။ ”- ဟု လည်း စိုင်းဘဟန်က ပြောဆိုသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သျှမ်းပြည်နယ် JMC-S ဥက္ကဌ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပြင် မြို့နယ်အဆင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဆက်ဖတ်ရန်






























