တကယ်လုပ်မှာလား
အယ်ဒီတာခင်ဗျား....
ကျနော်တို့တာချီလိတ်မှာ လောင်းကစားတွေ ရပ်ကွက်တိုင်းရှိနေကြပါတယ်။ ဟိုတယ်အမည်ခံ အလူရာ(ပုန်းထွန်)၊ စားသောက်ဆိုင်အမည်ခံ ဟုန်ထိုက်ယမ်(ပုန်းထွန်)၊ လပ်ဗီးဂတ်စ်(မကာဟိုခမ်း)၊ ရီဂျီနား(ဆန်ဆိုင်း)၊တာချီလိတ်ဟိုတယ်(မကာဟိုခမ်း)၊ ရွှေတြိဂံ(ဝမ်ကောင်း)၊ ရောင်နီဦး(ဟောင်လိတ်) ဒါတွေက ဘယ်တော့မှမပိတ်တဲ့ အကြီးတကာ့ အကြီးတွေပါ၊ ရပ်ကွက်ထဲမှာ အကြွေစေ့ထည့်ရတဲ့ အိမ်ရှေ့မှာ လိုက်ကာတွေကာပြီး ဖွင့်တဲ့အိမ်တွေက တစ်ဖုံ နည်းအမျိုးမျိုးနဲ့ လောင်းကစားမှု ပြုနေကြ ပါတယ်။
ဒါတွေကို ထိရောက်စွာမနှိမ်နင်းတဲ့အတွက် ရာဇဝတ်မှုတွေဟာ တဖြည်းဖြည်းများ လာတာ တွေ့ ရ ပါတယ်။ သို့သော် တစ်နေ့လုပ်တစ်နေ့စား ရှာစားရတဲ့ ကျနော်တို့လို ဈေးထဲ ဗန်းလေးနဲ့ ရောင်းတဲ့ ဆေးအတုတွေကိုတော့ စီမံချက်ချဖမ်းတယ်၊ အမှုဖွင့်တယ်၊ ကဲကျနော်တို့ဘာလုပ်စားမလဲ၊ လောင်းကစားလုပ်ရုံပေါ့၊ ရှုံးရင်ခိုးမယ်၊ လုမယ်ပေါ့။
ဒီလိုဖြစ်အောင်လုပ်နေတာ ဘယ်သူတွေလဲ၊ ချဲထီဒိုင်ကြီး မိုးသောက်ကြယ် လူကြီးလာရင် ဧည့်ခံတယ်၊ လူကြီးပြန်ရင် ပြောင်းရင် သူ့အိမ်မှာဂုဏ်ပြုပွဲလုပ်တယ်။ လူကြီးဆိုတာတွေက မဟုတ်တရုတ် ကကြ ခုန်ကြတယ်၊ ပျော်ကြတယ်။ ကျနော်တို့ ငါးဘတ်၊ ဆယ်ဘတ်လေး ချဲပေါက်တယ်။ မလျော်ဘူး၊ စားတော့ အကုန်စားတယ်။ သူ့ကို မဖမ်းဘူး။ ပြီးခဲ့တဲ့နှစ်က ပတ္တမြားဆိုင်ကိုတော့ ချဲဖမ်းတယ်၊ သူ့ကိုဘာလို့ မဖမ်းလဲ။ ပိုက်ဆံပေးထားလို့လား၊ လူကြီးကိုဧည့်ခံလို့လား၊ ဒါကိုသိအောင် ဘယ်သူ့ကိုတိုင်ရမလဲ ဘယ်လိုတိုင်ရမလဲ။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးလား။ ဖြေပါဦး အယ်ဒီတာခင်ဗျား။
တာချီလိတ်မြို့သို့ ခေတ္တရောက်နေသူတစ်ဦး
Tags: Letter to Editor

