သျှမ်းပြည်မြောက်ပိုင်းမှ ဆွဲနွားများ တရုတ်ပြည်သို့ ဆက်တိုက်တင်ပို့



သျှမ်းပြည်မြောက်ပိုင်းမှ  ဆွဲနွားများအား ယခုဖေဖေါ်ဝါရီလအတွင်း တရုတ်နယ်စပ်သို့ ဆက်တိုက်ပို့ဆောင်ရောင်း ချသဖြင့် လုပ်ငန်းခွင်အတွက် စိုးရိမ်နေရကြောင်း ဒေသခံလယ်သမားများကပြောသည်။

Oxen
“ ဒီလဆန်းကစပြီး ပြန်သယ်နေပြီ။ သီပေါဘက်ကနေ နယ်စပ်ကိုသယ်ဖို့  ဌာနေပြည်သူ့စစ်တွေက တာဝန်ယူပေးတယ်။ ကျောက်မဲ နောင်ပင်ဘက်ကနေလဲ သယ်သွားတာရှိတယ်။ နယ်စပ် မူစယ်မြို့ကနေတဆင့် တရုတ် ဘက်ခြမ်းကို ပို့ပေးတယ် ပြောတယ်။ သယ်ယူခွင့်က သျှမ်းဝန်ကြီးချုပ် ကိုယ်တိုင်ချပေးတယ်လို့ပြောတယ်” ဟု ကျောက်မဲမြို့နယ် ယာလုပ်သား စိုင်းဆမ်ကပြောသည်။

ယခုလ ၁၄ ရက်နေ့က တစီးလျင် နွား ၂၂ ကောင်တင်ထားသော ကား ၁၆ စီးကလည်းကောင်း၊ ၁၈ ရက်နေ့က ၁၈ စီးနှင့် ၂၂ ရက်နေ့က ၁၀ စီး ကလည်းကောင်း မန္တလေး-လားရှိုး-မူဆယ် လမ်းမအတိုင်း တရုတ်နယ်စပ်ဘက်တက်သွားကြောင်း၊ သီပေါမြို့နယ် ဟန်နားအုပ်စုနေ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပါမစ်ရကြောင်း၊ ထိုသို့နွားများအား တရုတ်ပြည်သို့ ပို့ဆောင်မှု ဆက်တိုက်ရှိနေမည်ဆိုပါက မြန်မာပြည် နှင့် သျှမ်းပြည်ဘက်မှ လယ်သမားများ တနေ့နေ့ အခက်တွေ့မည် ကိုစိုးရိမ်နေမိကြောင်း သီပေါဒေသခံ စိုင်းလျန်းကပြောပါသည်။

“မနှစ်က နှစ်ကုန်ပိုင်းမှာ ပြည်ပသတင်းဌာနက ဒီအကြောင်းသတင်းတွေထွက်လာလို့ တခါဖမ်းသေးတယ်လေ။ သီပေါမှာ ဖမ်းထားတာအများကြီး၊ နွားရောကားရောဘဲ။ အဲ့တုန်းကလဲ သျှမ်းပြည်ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ဘဲ” ဟု သီပေါမြို့ခံ ကျားဖြူပါတီဝင်  တဦးကလည်းပြောပါသည်။

ယခုပို့ဆောင်သောနွားများမှာ အသစ်ထပ်မံဝယ်ယူပို့ဆောင်ခြင်းဖြစ်ကြောင်း တကောင်လျင် ကျပ်ငွေ ၆ သိန်းမှ ၈ သိန်း၊ သန်မာလှပ၍ အလေးချိန်ပိုများလျှင် ကျပ် ၁၀ သိန်းအထိ ပေးဝယ်ကြကြောင်း၊ သျှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း နှင့် အဘက်ဘက်မှလာသော လှည်းဆွဲနွား၊ လုပ်ငန်းသုံးနွားကောင်းများဖြစ်ကြောင်း စိုင်းလျန်းကပြောသည်။

ယမန်နှစ်ကလည်း မြန်မာပြည်အလယ်ပိုင်းမှနွားများအား ကားအစီး ၁၀၀ ထက်မနည်း တရုတ်ပြည်သို့ပို့ဆောင်ခဲ့ပြီး ဖြစ် ကြောင်း၊ ဂိတ်များ၌ စစ်ဆေးခံရပါက ဝန်ကြီးချုပ်ပေးသောလက်မှတ် ထုတ်ပြလျှင် ချောမွေ့စွာဖြတ်သန်းခွင့်ရကြောင်း - မူစယ် ၁၀၅ မိုင်ဂိတ်မှ ဝန်ထမ်းအသိုင်းအဝိုင်းကပြောပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates