SSPP/SSA နှင့် တိုက်ပွဲ အစိုးရတပ် ၃၀ ခန့်သေ
ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားရာမှာ အစိုးရတပ် ဘက် အယောက်သုံးဆယ်ထက်မနည်းသေဆုံးကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။ရှေ့တန်းရောက် သျှမ်းပြည်တပ်မတော် SSPP/SSA
“တိုက်ပွဲက ၂၂ ရက်နေ့တုန်းက တော်တော်ပြင်းထန်တယ်။ ၂၃ ရက်နေ့တုန်းကတော့ ဒဏ်ရာရတဲ့လူတွေနဲ့ အလောင်းတွေကို ပြန်ကောက်ကြတယ်လေ။ ဗမာတပ်ဘက်က အယောက်သုံး ဆယ် ထက်မနည်းသေတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း ပြည်သူ့စစ်ခေါင်း ဆောင်တဦးက ပြောပါသည်။
၂၄ ရက်နေ့က လွယ်နိုင်းရွာဘက်သို့ မြန်မာစစ်တပ်မှ ပစ်သော ၆၀ မမ လက်နက်ကြီးမှာ မပေါက်ကွဲဘဲ ရှိနေရာ၊ ညပိုင်း ရွာသားများ ယာမီးရှို့စဉ်အဆိုပါကျည် မီးလောင်ကျွမ်းပေါက်ကွဲသဖြင့် ထိုည၌ မြန်မာစစ်တပ် ဘက်မှ တဘက်တည်း တညလုံးဒရစပ်ပစ်ခတ်နေကြောင်း ရွာသားများပြောပြချက် အရသိရသည်။
သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင်မှီကတည်းက အစိုးရတပ်မှ ညွှန်ကြားလာကြောင်း၊ ဖယ်ပေးရန် သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန် ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်အင်အားဖြည့် လှုပ်ရှားလာ ကြောင်း၊ လွယ်လန်းတောင်ကြောရှိ SSPP/SSA စခန်းအား ၇ ကြိမ် တက်တိုက်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီ ၂၂ ရက် နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက် ၂၈ ယောက်သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ဌာနချုပ် အရာရှိ တဦးကပြောပါသည်။
“ကျနော်တို့ရတဲ့ အချက်အလက်တွေအရ အစိုးရတပ်ဘက်က အလောင်း ၂၈ လောင်းနဲ့ ဒဏ်ရာ ရတာ ၁၄ ယောက်ရတယ်လို့ပြောတယ်။ ဒီလိုဖြစ်တဲ့ကိစ္စက ကျနော်တို့က ခံစစ်လေ။ အပေါ်က အမိန့်ကို မလွန်ဆန် နိုင်ဘဲ ဟိုဘက်က ရဲ ဘော်လေးတွေက ဘုမသိဘမသိ တက်လာတယ်။ အဲတော့ပစ်ချခံရတာပေါ့။ ကျနော် တို့က ဒဏ်ရာအနည်း အကျဉ်း ရတယ်၊ ကျနော်တို့အထူးရှောင်ရမှာက ဗမာတပ်ရဲ့ လက်နက်ကြီး ပစ်မှတ်ပဲ”- ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။
တိုက်ပွဲရပ်တန့်ရန် နေပြည်တော်အစိုးရ သမ္မတဦးသိန်းစိန် ညွှန်ကြားထားသော်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခမယ ၃၂၂၊ ၃၁၅၊ ၅၇၇၊ ၅၇၄၊ ၅၂၅၊ ၅၇၅၊ ခလရ ၃၃၊ ၁၃၁၊ ၂၉၅ တို့မှ အင်အားတ ထောင်ခန့်က တပ်ရုပ်ပြန်ခြင်းမရှိသောကြောင့် တန့်ယန်းမြို့နယ် နှင့် မိုင်းရှူးမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေကြောင်း ကြားသိရပါသည်။
Tags: News, War