နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်



ကျားဖြူပါတီမှ ကမကထပြု ကျင်းပသော သျှမ်းပြည်နယ်နေ့ဂုဏ်ပြုညစာစားပွဲသို့ လွှတ်တော်ဥက္ကဌနှင့်မိသားစုများ ၊ ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ပါတီပေါင်းစုံမှကိုယ်စားလှယ်များ ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း ကျားဖြူပါတီအသိုင်း အဝိုင်းကပြော ပါသည်။

welcom - 66 S.S.Day at Naypyidaw 07 02 2013နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ (ဓါတ်ပုံ- Sai Hark Facebook)

“မနေ့ည ၆ နာရီက နေပြည်တော်မှာရှိတဲ့ မောခမ်းနွံ( ၃) စားသောက်ဆိုင်မှာကျင်းပပါတယ်။ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနဲ့ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် ၊  ကော်မတီဥက္ကဋ္ဌတွေ  နိုင်ငံရေး ပါတီ အသီးသီးကပုဂ္ဂိုလ်တွေ ဖြူးဒေသက သျှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ သျှမ်းပြည်မြောက်ပိုင်း ရှမ်းတိုင်း ရင်းသား ယဉ်ကျေး မှုအဖွဲ့ အစရှိဖိတ်ကြားထားသူတွေ တက်ရောက်တယ်။ စားသောက်ဆိုင်က ပြည့်နှက်သွားတယ်” ဟု ကျားဖြူပါတီ ၏ မိုင်းရယ်မြို့လွှတ်တော်အမတ် စိုင်းဟတ်က ပြောပါသည်။

ပါတီမရွေးဘဲ ဖိတ်ကြားထားသည့် သျှမ်းလွှတ်တော်ကိုယ်စားလှယ်များအားလုံးနီးပါး၊ တခြားပါတီအား တပါတီ ၃ ဦး  တက်ရောက် လာကြသော်လည်း ပြည်ခိုင်ဖြိုးပါတီမှ သျှမ်းအမတ်မင်း အများစု တက်ရောက်ခြင်းမရှိကြောင်း ပြောပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့မှ နှုတ်ခွန်းဆက်စကားပြော ကြားခဲ့ကြောင်း စိုင်းဟတ်က ပြောပါသည်။

“ စိုင်းအိုက်ပေါင်းက ကျနော်တို့ သျှမ်းအမျိုးသားနေ့သမိုင်းကြောင်း ရယ်၊ စစ်မှန်သောပြည်ထောင်စုဖြစ်ပေါ်လာဖို့ရယ် ထာဝရငြိမ်းချမ်းရေးရရှိဖို့ရယ်၊ ပြည်ထောင်စုတိုင်းရင်းသားတွေလိုလားတဲ့  စစ်မှန်တဲ့ပြည်ထောင်စု ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်  စတာ  လက်တွေ့ဖြစ်လာအောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်းပေးစေလိုကြောင်း တိုက်တွန်းသွား တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့အခမ်းအနားကိုနောက်ကျပြီးရောက်လာတဲ့အတွက် စကားမပြောလိုက်ရပါဘူး” ဟု ဆိုပါသည်။
ASSK at 66 SS.Day Naypyiday 07 02 13နေပြည်တော် သျှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲ (ဓါတ်ပုံ- Sai Hark Facebook)

ထို့အပြင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ တို့က တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များသို့အလှူငွေပေးအပ်ကြောင်းပြောပါသည်။

“ အရင်တုန်းက ကျနော်တို့ သျှမ်းအမျိုးသားနေ့ကျင်းပခွင့်မရခဲ့ဘူး။ ဒီနှစ်မှာတော့ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြော ခွင့်ဆိုခွင့်နဲနဲပါးပါးရှိလာတယ်။ ဒါကြောင့် State holder တွေအကုန်လုံးအခုလို တွေ့ရဆုံရတာဟာ အခွင့်ကောင်း တခုဖြစ် ပါတယ်။ ဒီတွေ့ဆုံမှုဟာဖြင့် စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အုပ်တချပ်သဲတပွင့် ဖြစ်နိုင်လိမ့်မယ်လို့ ယုံ ကြည်မျှော်လင့်ပါတယ်” ဟု စိုင်းဟတ်ကပြောဆိုပါသည်။

ဗြိတိသျှတိုင်းမင်းကြီး British Commissioner ဦးဆောင်သော(စော်ဘွား ၃၃ ဦးပါ)  သျှမ်းပြည်ထောင်စုကောင်စီ (Federal Council ) အား ဖျက်သိမ်း၍  စော်ဘွားကိုယ်စားလှယ် ၃၃၊ လူထုကိုယ်စားလှယ် ၃၃ ဦးပါ Shan States Saophas Council “ရှမ်းစဝ်ဖလုံများကောင်စီ” ကို အစားထိုးဖွဲ့စည်းမည် မဖွဲ့စည်းမည်ကို  ဗြိတိသျှအာဏာပိုင်များက ပင်လုံညီလာခံအပြီး တောင်ကြီးတွင်ကျင်းပမည့် Federal Council  အစည်းအဝေး၌ ဆုံးဖြတ်ပေးမည်ဟု ၁၉၄၇ ဖေဖော်ဝါရီ ၇ ရက်က အကြောင်းပြန်သဖြင့် အဆိုပါ ၇ ရက်နေ့ ည၌ပင် လူထု ၃၀၀၀ ကျော် တက်ရောက်သည့် အစည်း အဝေးပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးမှ စော်ဘွား ၇ ဦး လူထုကိုယ်စားလှယ် ၇ ဦး ပါဝင်သည့် သျှမ်းပြည်ကောင်စီ ဦးဆောင်ကော်မတီ အား ပြန်လည်ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီလ ၁၁ ရက်အစည်းအဝေး ၌  တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်က သျှမ်းပြည်သား အားလုံးနှင့်ဆိုင်သော သျှမ်းပြည် နယ်အလံ ( ဝါ၊ စိမ်း၊နီ အလယ်ဗဟို လဝန်းဖြူ) ၊ သျှမ်းပြည်အလံတင် သီချင်း (ခေးတိုင်းခေးရာဇာ) နှင့်  ဖေဖော်ဝါရီ ၇ ရက်နေ့အား သျှမ်းပြည်အမျိုးသားနေ့ စသည့်သမိုင်းဝင်ရက်မြတ်ကို သတ်မှတ်ခဲ့ရာ ယနေ့ ၆၆ နှစ်မြောက်ရှိပြီဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates