‘ဦးအောင်မင်းနှင့်သဘောတူညီချက် တိုင်းရင်းသားဘာမှမရသေး’ ဟု RCSS/SSA မှအရာရှိပြော



ယမန်နေ့က ကျင်းပသော KIO ကချင်တပ်မတော်နှင့် အစိုးရကြား ဆွေးနွေးပွဲနှင့်ပတ်သက်၍  အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်းက ‘တောင်းသလောက်ပေးဖို့ လာခြင်းဖြစ်တယ်’ ဟု သတင်းထောက် များအား ပြောသွားသည့်အပေါ် ‘ဦးအောင်မင်းက နှုတ်သာပေးပြီး လက်တွေ့တွင်တိုင်းရင်းသားများဘာမှမရသေး’ ဟု သျှမ်းပြည်တပ်မတော် RCSS/SSA မှ အရာရှိတဦးကပြောသည်။

RCSS and Government at  May 2012ယမန်နှစ်မေလ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့်အစိုးရကိုယ်စားလှယ်တို့ ကျိုင်းတုံ၌တွေ့ဆုံစဉ်

“ ဦးအောင်မင်းကတော့ပြောတယ်။ တိုင်းရင်းသားတွေနဲ့ဆွေးနွေးတဲ့အခါမှာ သူက ယူဖို့မဟုတ်ပါဘူးတဲ့။ ပေးဖို့သက်သက်ပါ ဘဲတဲ့။  သတင်းထောက်တွေရဲ့အမေးကိုသူက အဲလိုပြန်ပြန်ဖြေတယ်။ တကယ်တော့ သူပြောသလို  သူပေးလိုက်တာတွေ  ကျနော်တို့ တိုင်းရင်းသားဘက်က ဘာမှမရသေးပါဘူး။ ကျနော်တို့ကိုဘဲကြည့် - ဌာနချုပ်တည်ဖို့ ဟိုမိန်း နဲ့ မိုင်းတော့ မိုင်းထား ပေးမယ်။ မူးယစ်ဆေးဝါး ပူပေါင်းတိုက်ဖျက်ရေးလုပ်မယ်  ဆိုတဲ့ကိစ္စတွေ ဘာမှ အကောင်အထည်မဖော်နိုင် သေးဘူး” ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ အရာရှိတဦးကပြောသည်။

ယမန်နေ့ က တရုတ်နိုင်ငံ ရွှေလီမြို့ ( သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ ကချင်လွတ် မြောက် ရေး တပ်မတော်နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးကြရာ ကရင်နှင့် သျှမ်း တိုင်းရင်း သားခေါင်းဆောင် အချို့လည်းပါဝင်ခဲ့သည်။

၎င်းတို့သည် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင်မူ အပစ်ရပ်ရေးအတွက် စစ်ရှိန်လျှော့ချရေး ကို ပဏာမ အဆင့် နီးပါးဆွေးနွေးနိုင်ခဲ့ကြသော်လည်း မရှိမဖြစ် Humanitarian Assistance   လူသားချင်း စာနာထောက်ထားမှုနှင့် ဆိုင်သော ကူညီထောက်ပံ့မှု၊ အပစ်ရပ်ရေး ဆိုင်ရာ စောင့်ကြည့်မှု Ceasefire Monitoring   တို့မပါဝင်သဖြင့် ယခုဆွေးနွေးပွဲအပေါ် အားရမှုမရှိကြောင်း သက်သေအဖြစ် လိုက်ပါ တက်ရောက်သည့် ပုဂ္ဂိုလ်တဦးကပြောသည်။

ယမန်နေ့ကဆွေးနွေးပွဲအပြီး အချက် ၅ ချက်ပါသော ပူးတွဲကြေငြာချက် ကိုပါထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါကြေငြာချက် တွင် KIO နှင့် UNFC တို့ ဖေဖော်ဝါရီလမကုန်မီ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ပြီး အစိုးရနှင့် KIO ကြားနိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန်သဘောတူသည်ဟု ပါရှိပါသည်။

ယခုဖြစ်မြောက်သွားသောဆွေးနွေးမှုမှာ အမေရိကန်နှင့်တရုတ်အစိုးရတို့၏ ဖိအားပေးကြောင့်ဖြစ်သည်ဟုလည်း ဆိုပါသည်။

၎င်းဆွေးနွေးပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က - (၁) ခေါင်းထုပြီးနောက် ပြန်ချော့သည့်သဘော မဖြစ်စေလိုကြောင်း၊ (၂) ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူထုတရပ်လုံးပါဝင်ခွင့်ရအောင်နှစ်ဦး နှစ်ဘက်စလုံးမှ လမ်းဖွင့်ပေးစေလိုကြောင်း၊ (၃) တချို့တဝက်နှင့်အပစ်ရပ်၍ ကျန်တချို့တဝက်တို့အား ထိုးစစ်ဆင်နေခြင်း မဖြစ်စေလိုကြောင်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

စစ်ပြေးဒုက္ခသည်များရင်ဆိုင်နေရသော စစ်ဘေးမှာ အိမ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွါးမှုကြောင့်ဖြစ်လာသော စစ်ပွဲဖြစ်နေ သဖြင့် ယခုငြိမ်းချမ်းရေး ကြိုးစားတည်ဆောက်နေသူများအားလုံးအဖို့ မောင်ရင်းနှမရင်းစိတ်ထား၍ ဖြေရှင်းမှသာ ငြိမ်းချမ်း နိုင်မည်ဟု ယုံကြည်ကြောင်း စဝ်ယွက်စစ်ကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates