သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် တပ်ရင်း တရင်း နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား နယ်မြေစိုးမိုးရေး ကိစ္စကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း ဒေသအတွင်းသတင်းက ဆိုသည်။

sspp in the forestသျှမ်းပြည်တပ်မတော် SSPP/SSA စစ်ကြောင်းတကြောင်း (ဓါတ်ပုံ- SSPP/SSA)

“အခုက တန်းယန်းမြို့နယ် နဲ့ မိုင်းရှူးမြို့နယ် ကြားက ဒေသတွေမှာပေါ့။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ ကို အစိုးရတပ် ခလရ ၃၃ က ဝင်ရောက်လှုပ်ရှားချင်တယ်။ ကျနော်တို့က ခွင့်ပြုလို့မရဘူးလေ။ ပြည်ထောင်စုနေ့ မတိုင်ခင် ၂-၃ ရက်လောက်က ဖြစ်တာ၊ အခုထိ သိပ်မကျေလည်သေးဘူး” - ဟု ဒေသအတွင်း အမည်မဖေါ်လို သည့်ကေဒါတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ် နမ့်လောဝ်းကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် တပ်ရင်း ၁၉၂ ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခလရ ၃၃ မှ လူအင်အား ၆၀ ခန့်ရှိ စစ်ကြောင်း တကြောင်းက ဝင်ရောက်လှုပ်ရှားရန်အတွက် အကြောင်းကြားလာကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်မှ ခွင့်မပြုနိုင်သေးဟု ပြန်လည်ဖြေကြားကြောင်း၊ သို့သော် အစိုးရတပ်က ဂရုမစိုက်ဘဲ ဝင်ရောက်လှုပ်ရှားရာ  သျှမ်းပြည်တပ်မတော်၏ လုံခြုံရေးအရထောင်ထားသော မိုင်းဗုံးနှင့် ဝင်တိုးမိသောကြောင့် သေကြေဒဏ်ရာ ရသူ ၄ ယောက်ထက်မနည်းရှိခဲ့ကြောင်း - နီးစပ်သူများကပြောပါသည်။

အဆိုပါနီးစပ်သည့်အသိုင်းအဝိုင်းက အစိုးရတပ် ၄ ဦးသေဆုံးသည်ဟုပြောသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက - “ တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ ကျနော်တို့ထိန်းချုပ်နယ်မြေထဲ ဝင်ဖို့ သူ တို့ တောင်းဆိုတယ်။ ကျနော်တို့ဘက်က ခွင့်မပြုနိုင်ဘူးလေ။ သေကျေဒဏ်ရာရတဲ့သတင်းလဲ အတည်မပြု နိုင်သေးပါဘူး၊လောလောဆယ် အဲဒီဘက်မှာ တင်းမာမှုတော့ ရှိနေတယ်” -  ဟုပြောပါသည်။

တန့်ယန်းမြို့ - မိုင်းရှူးကားလမ်း အရှေ့ခြမ်း သံလွင်မြစ်အနောက်ခြင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေမှ တပ်စခန်း စစ်သည်အားလုံး ကားလမ်းအနောက်ခြမ်းသို့ ဆုတ်ခွာပေးရန် အစိုးရတပ်မှ ဖိအားပေးသောကြောင့် ၂၀၁၂ နှစ်လယ်ပိုင်းကလည်း အဆိုပါဒေသအတွင်း တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူး သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ က ပဏာမ အဆင့်၊ ပြည်ထောင်စုအဆင့် တို့ဖြင့်ဆွေးနွေးပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွါးသည့် တိုက်ပွဲတိုင်း အစိုးရတပ်မှ နယ်ကျွံမှု ကျူးလွန်ခြင်း၊  သျှမ်းပြည်တပ်မတော်အား တပ်ရုပ်ရန် အင်အားသုံးဖိအားပေးမှုများရှိခြင်း ကြောင့်ဖြစ်ပွားခဲ့ ရသည် ဟု SSPP/SSA ဘက်က ပြောပါ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates