UNODC လွိုင်လင်ရုံးခွဲ ကျေးလက်ထောက်ပံ့မှု မမျှတဟု ရွာသားများဝေဖန်



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌  ဖွင့်လှစ်ထားသော ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ  UNODC ရုံးခွဲသည် တချို့ရွာများကို အပြည့်အ၀ ထောက်ပံ့သော်လည်း တချို့ရွာ များမှာမူ ထောက်ပံ့မှု လုံးဝမရသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

Pang Long
“သူတို့က လူမျိုးရေး ခွဲခြားပြီး ကူညီထောက်ပံ့တယ်။ ကူညီမှု လိုအပ်တာချင်း အတူတူ ပအိုဝ်းရွာ ၄-၅ ရွာရရင် သျှမ်းရွာတရွာဘဲ ရတယ်။ ပအိုဝ်းရွာက ရေလိုရင် ချက်ချင်းရေသွယ်ပေးတယ်” ဟု ပင်လုံ မြို့နယ်ခွဲမှ ရွာသားတစ်ဦးက ပြောပါသည်။

ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် UNODC က လွိုင်လင်မြို့၌ ရုံးခွဲဖွင့်လှစ်ထားကြောင်း၊ ၂၀၁၂ မှစ၍ လွိုင်လင်မြို့နှင့်ပင်လုံမြို့အတွင်းရှိ ကျေးရွာများ၊ တောင်ပေါ်ကျေးရွာများအား ကူညီထောက်ပံ့ခဲ့ ကြောင်း၊ လမ်းဖောက် တံတားဆောက် ရေသွယ်တန်းပေးကာ ကျန်းမာရေးအဆောက်အဦးများ ဆောက်လုပ်ပေးကြောင်း၊ စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများလည်း ထောက်ပံ့ကြောင်း ဆိုပါသည်။

“UNODC ဆိုတာ လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီထောက်ပံ့တဲ့ အဖွဲ့လေ။ ဒါပေမဲ့ လက်အောက် ဝန်ထမ်းတွေက လူမျိုးရေး ခွဲခြားတယ်။ လူမျိုးခွဲခြားပြီး ထောက်ပံ့တာကတော့ မဖြစ်သင့်ဘူး။ မျှမျှတတ ဖြစ်သင့်တယ်” ဟု ပင်လုံမြို့မိမြို့ဖတစ်ဦးကလည်း ပြောပါသည်။

လိုက်လံကွင်းဆင်းကြည့်ရှုကာ ကူညီထောက်ပံ့မည်ဟု ပြောဆိုသော်လည်း အကူအညီ မရရှိသေးသည့် ရွာများမှာ ဝမ့်နောင်-ဝမ့်ကုန်း၊ ဝမ့်ပန်အွတ်၊ ဟိုင်းနန်း စသည့်ရွာများဖြစ်သည်ဟု ဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates