SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခဲ့ဟု ဆို



အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် တောင်ဘက်ရှိ   SSPP / SSA  ၏ လွယ်လန်း တပ်စခန်း အား စစ် ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ် ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောကြားသည် ။
Sao Sai Too
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြား နေသော ဗိုလ်မှူးကြီးစိုင်းထူး

တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောခြင်း ဖြစ်သည် ။

“လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ် တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင်ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့ ။ ကျနော်တို့နဲ့ ၀ နယ်က သံလွင်မြစ်ခြားထားတယ် ဒီနေရာက။ ကျနော်တို့နဲ့ ၀ ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့” ဟု သူက ဆိုသည် ။

အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက်အခြာကျသော နေရာဖြစ် သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ယခုလို ပြော သည် ။

“ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ်ဆုတ်စရာနေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့ တယ်။ အဲဒီတောင်ကို ရသွားရင် ၀နယ်က ပန်ဆန်းတို့ ပန်ယန်းအပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် ၀နယ်ကိုခြိမ်းခြောက်နိုင်ပြီပေါ့ ။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး ” ဟု ဆိုသည် ။

SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေး ကြောင်း စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည် ။

အထက်ပါအင်တာဗျူးအပြီးတွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်းအထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို တိုက်စစ်ဆင်နေသည်မှာ ယနေ့အထိဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates