ရေခပ်ဆင်းသည့် SSPP/SSA တပ်သားအား အစိုးရတပ်ချောင်းပစ် တိုက်ပွဲများဖြစ်ပွား



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းတခုမှ ရေခပ်ဆင်းသည့်  ရဲဘော်အား အစိုးရတပ်ချောင်းပစ်ကာ တပ်စခန်းကိုပါတက်တိုက်သောကြောင့် ယမန်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။
sspp-ssa SSPP/SSA ရှေ့တန်းတပ်သားများ

“အစိုးရတပ် တပ်ရင်း ၂၉၁ က တန့်ယန်းမြို့ဘက်ကနေ တောနင်းပြီး ရေခပ်ဆင်းတဲ့ ကျနော်တို့ရဲဘော်ကို ချောင်းပစ်တယ်။ အဲဒီကနေ ကျနော်တို့စခန်းကို မနေ့ ညနေ ၃ ခွဲ ကနေ ညပိုင်းအထိတက်တိုက်လို့ တိုက်ပွဲ ဖြစ် တာ။ ဒီမနက်လဲ တမနက်ခင်းလုံးဘဲ” - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မှ (တန့်ယန်း - မိုင်းရှူးလမ်းမပေါ်) မိုင်းကောဝ် မရောက်မီ လွယ်စေး စခန်းရှိ SSPP/SSA တပ်ရင်း ၁၉၂ နှင့် တပ်စခန်းအား မြန်မာအစိုးရတပ် တပ်ရင်း ၂၉၁ (လားရှိုးအခြေစိုက်) က ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ည ၇ နာရီခွဲအထိ တက်တိုက်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ခလရ ၃၃ နှင့်  ခမရ ၃၂၆ တို့ အင်အားထပ်ဖြည့်က နံနက် ၆ ခွဲမှာ ယခုသတင်းရေးချိန်(ယနေ့မွန်းလွဲပိုင်း) အထိ တိုက်ပွဲဖြစ် ပွားကြောင်း ရှေ့တန်းတပ်မှူးက ပြောပါသည်။

“ဒေသခံ လားဟူပြည်သူ့စစ်ကို ခလရ ၂၉၁ က လမ်းပြခိုင်းတယ်။ သေတဲ့အထဲမှာ ကျနော်တို့ ပြည်သူ့စစ်လဲ ပါတယ်။ ၁၀ ယောက်လောက်သေမယ် မနေ့က။ ကျနော်တို့တွေလဲ မလိုက်ချင်ဘူး။ ဒီနေ့တော့ တခြား တပ် တွေထပ်ဖြည့်တယ် တိုက်ပွဲဖြစ်နေတုန်းအခု” - ဟု ဒေသခံလားဟူအကြီးအကဲတဦးက ပြောပါသည်။

“တိုက်ပွဲက ပိုမိုပြင်းထန်လာတဲ့အလားအလာရှိတယ်။ ကျနော်တို့လဲ တပ်ရင်း ၁၉၉ ကို အဲဒီဘက်အင်အား ထပ်ဖြည့်ထားတယ်။ ငြိမ်းချမ်းရေးပျက်ပြားလဲမတတ်နိုင်ဘူးဗျာ သူတို့ကဘဲ ရန်လာရှာတာကိုး” - ဟု အမည် မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးကပြောပါသည်။

ထို့အတူ မတ်ခ်ျ ၁၁ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကျိုင်းလုံး(မ်း) ဒေသဘက် တွင်လည်း  အပစ်ရပ် သျှမ်းပြည်တပ်တော် RCSS/SSA နယ်မြေထဲသို့ အကြောင်းအကြားဘဲ အစိုးရ တပ်မ တော် တောနင်းဝင်ရောက်သောကြောင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရကြောင်း တိုက်ပွဲကြောင့် နှစ်ဦး နှစ် ဘက်သေဆုံးမှုရှိကြောင်း ဒေသခံများကပြောပါသည်။ ၎င်းနှင့်ပတ်သက်၍ RCSS/SSA အရာရှိ တဦးက အစိုးရတပ်ဘက် နှစ်ယောက်သေ တယောက်ဒဏ်ရာရှိကြောင်း ပြောသော်လည်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က တစုံတရာ အတည်ပြု ချက်မပေးပေ။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့နှစ်ဖွဲ့စလုံးသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးအတွက်လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့အစည်းများဖြစ်ကြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates