နမ္မတူမြို့ မီးသင်္ဂြိုလ်စက် တည်ဆောက်မှု ရပ်ဆိုင်းခံရခြင်း
သို့
သျှမ်းသံတော်ဆင့်အယ်ဒီတာ ခင်ဗျား
သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့တွင် အများပြည်သူ အသုံးပြုရန်အတွက် မီးသင်္ဂြိုလ်စက် ကို ရဟန်းသံဃာနှင့် ပြည်သူလူထုမှ ထည့်ဝင်သော အလှူငွေဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝေ ပ/၃၈၄၇ မှ ဦးဆောင်၍ ၂၀၁၃ ဧပြီလ ၁၉ ရက်နေ့တွင် မီးသင်္ဂြိုလ်စက်ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပြီး မြို့သူမြို့သားများနှင့် စတင်တည်ဆောက်ခဲ့သည်။ သို့သော် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝေသည် မေလ ၄ ရက်နေ့တွင် တခြားနယ်သို့ ပြောင်းရွှေ့သွားပါသည်။
ယခု အသစ်ရောက်ရှိလာသော အထွေထွေ အုပ်ချုပ်ရေးမှူးမှ တည်ဆောက်နေသည့် မီးသင်္ဂြိုလ် စက်သည် သစ်တောကြိုးဝိုင်းအတွင်း တည်ရှိနေပါသည်ဟုဆိုကာ တည်ဆောက်မှုကို ရပ်နားရန် သစ်တောဦးစီးဌာနကို ဖိအားပေးပါသည်။ ထို့ကြောင့် သစ်တောဦးစီးဌာနမှ ဆက်လက်တည်ဆောက်ပါ က တရားစွဲဆိုမည်ဟု စာထုတ်ပိတ်ပင်လာပါသည်။
ယခု တည်ဆောက်နေသော မီးသင်္ဂြိုလ်စက်သည် ၁၂ ပေ ပတ်လည်သာရှိပြီး မြို့နှင့် ၄ မိုင်ခန့် ဝေးသော တရုတ်သုဿာန် မြေနေရာတွင် ဆောက်လုပ်ခြင်းဖြစ်ပါသည်။ မည်သည့်သစ်တောကိုမှ ခုတ်ထွင်ပြီး တည်ဆောက်ခြင်း မဟုတ်ပါ။ သင်္ဂြိုလ်စက်တည်ဆောက်မှုသည် ယခုအခါ ၉၀% ခန့် ပြီးစီး နေပြီး ဂျွန်လ ၁၃ ရက်တွင် လုပ်ငန်းကို ရပ်ဆိုင်းထားရပါသည်။
ယခု ဆောက်လုပ်နေသော မီးသင်္ဂြိုလ်စက်သည် တစ်စုံတစ်ဦးပိုင်မဟုတ်ဘဲ ဆောက်လုပ်ပြီးစီး ပါကလည်း မြို့နယ်စည်ပင်ဦးစီးဌာနကို အပ်နှံမည်ဖြစ်ပါသည်။ ထို့ကြောင့် ငွေကြေးမတတ်နိုင်သူများ အလွယ်တကူ အဆင်ပြေစေရန် ရည်ရွယ်ဆောက်လုပ်သော မီးသင်္ဂြိုလ်စက်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးမှူးတို့မှ ပိတ်ပင်နေသည်ကို နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာ အထက်လူကြီးများ သိရှိစေရန် တင်ပြအပ်ပါသည်။
နမ္မတူမြို့ခံတစ်ဦး
Tags: Letter to Editor