WGEC က နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်မူကြမ်း MPC သို့ ပေးအပ်
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ ရေးဆွဲထားသည့် “ကျယ်ပြန့် သော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်” အမည်ရ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာမူဘောင် မူကြမ်းကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC သို့ ပေးအပ်လိုက်ပြီဖြစ် ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဂျွန်လဆန်းပိုင်း၌ ကျင်းပခဲ့သည့် WGEC အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေး ပွဲဆိုင်ရာ မူဘောင် မူကြမ်းကို မေလ ၁၃ ရက်နေ့၌ MPC ကို ပေးအပ်လိုက်ပြဟု အသိပေး ပြောကြား လိုက်ကြောင်း၊ ပဒိုစောကွယ်ထူးဝင်း(KNU)၊ ဗိုလ်မှူးကြီး စိုင်းလှ(RCSS/SSA)၊ ဗိုလ်မှူးကြီး စိုင်းငင်း (RCSS/SSA)၊ ခွန်ထွန်းဦး(SNLD)၊ စဝ်ဟန်ယောင်ဟွေ(EBO)တို့မှ ပေးအပ်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာ ဥက္ကဋ္ဌ ဦးအောင်မင်းက လက်ခံရယူခဲ့ကြောင်း ဆို၏။
“အရင်က ရေးဆွဲခဲ့တဲ့ မူကြမ်း၂ ခုထက် ဒီတခေါက်ရေးဆွဲတာ ပိုပြီးပြည့်စုံတယ်လို့ ဦးအောင်မင်းက ပြောတယ်” ဟု KNU အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါသည်။
“ကျယ်ပြန့်သော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်”၌ အခန်း ၇ ခန်းပါရှိရာ -
၁ - ပင်လုံသဘောတူညီချက်ကို အသိအမှတ်ပြုခြင်း၊ လေးစားမှု-ဒီမိုကရေစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အခွင့်အရေးတန်းတူမှု၊ အားလုံးပါဝင်ရေး-စသည်တို့ကို ဖော်ပြထားသော အခြေခံမူများ ဆွေးနွေးမှု လုပ်ငန်းစဉ် ၁၅ ချက်။
၂ - စစ်ဖက်ဆိုင်ရာကျင့်ဝတ်များတည်ဆောက်ခြင်း၊ အပစ်အခတ်ရပ်စဲရေး ပူးတွဲကော်မတီ၊ လွတ်လပ် စွာ လှုပ်ရှားသွားလာမှု၊ ဆက်ဆံရေးရုံးများ-စသည်တို့ကို ဖော်ပြထားသော တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၁၄ ချက်။
၃ - အမျိုးသားတွေ့ဆုံဆွေးနွေးရေး ဦးဆောင်ကော်မတီဖွဲ့စည်းခြင်း၊ ညီလာခံကျင်းပခြင်း-စသည်တို့ကို ဖော်ပြထားသော နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်သဘောတူညီချက် ၆ ချက်။
၎ - အချိန်ကာလသတ်မှတ်ခြင်း၊ နိုင်ငံရေးအာဏာခွဲဝေခြင်း၊ မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စ- စသည်တို့ကို ဖော်ပြထားသည့် ပြုပြင်ပြောင်းလဲရေးကာလအတွင်း အစီအစဉ်များ ၉ ချက်။
၅ - ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မည့်သူများ - WGEC က အစိုးရဘက်မှ ၃၀၀၊ နိုင်ငံရေးပါတီမှ ၃၀၀၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၃၀၀ စုစုပေါင်း ၉၀၀ ခန့်မှန်ထားသည်။
၆ - ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲခြင်း၊ လုံခြုံရေး ပြုပြင်ပြောင်းလဲခြင်း၊ မြေယာဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်း၊ IDP/ဒုက္ခသည်ကိစ္စ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု အခွင့် အရေးများ၊ သတင်းမီဒီယာ- စသည်တို့ကို ဖော်ပြထားသည့် တွေ့ဆုံဆွေးနွေးရေးကိစ္စ ၁၉ ချက်။
၇ - KNU မှ ရေးဆွဲထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ - စသည်တို့ဖြစ်သည်။
“မူကြမ်း ၂ ခုက သိပ်မကွာဘူး။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးတဲ့အခါ ဘယ်သူတွေပါမလဲ၊ ဘယ်လောက် ပါမလဲဆိုတဲ့ ၂ ချက်ကို ပြန်ဆွေးနွေးရမယ်” လို့ MPC အထူးအတိုင်ပင်ခံပုဂ္ဂိုလ် ဦးလှမောင်ရွှေက သျှမ်းသံတော်ဆင့်အား ပြောပါသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကလည်း နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် မူကြမ်းကို ရေးဆွဲ ထားပြီးဖြစ်ကြောင်း သိရှိရသည်။
ဂျွန်လ ၉ ရက်မှ ၁၁ ရက်ထိ နေပြည်တော်၌ RCSS/SSA နှင့် တွေ့ဆုံမှုအပြီး အစိုးရက KIO နှင့် အပစ် ရပ် သဘောတူညီချက် ရရှိလျှင် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်ရပ် သဘောတူညီချက် လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း၊ ထို့နောက် ဘက်စုံပါဝင်သည့် ပြည်ထောင်စု ညီလာခံကြီးကျင်းပမည်ဖြစ် ကြောင်း ကြေငြာခဲ့သည်။
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကို ၂၀၁၂ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပသည့် တိုင်းရင်းသား ညီလာခံကြီးမှ ဖွဲ့စည်းခဲ့သည်။ WGEC ၏ လမ်းပြမြေပုံ Road Map ၆ ချက်မှာ
၁ - နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်
၂ - အစိုးရနှင့် ဆွေးနွေးပြီး ‘နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်’ ကို သဘောတူညီချက် ရယူရန်
၃ - ပြည်နယ်အလိုက် ညီလာခံ ကျင်းပရန်
၎ - ပြည်နယ်အားလုံး စုပေါင်းပြီး ညီလာခံ ကျင်းပရန်
၅ - တတိုင်းပြည်လုံး အတိုင်းအတာနှင့် ပြည်ထောင်စု ညီလာခံကြီး ကျင်းပရန်
၆ - အချိန်သတ်မှတ်၍ အထက်ပါ အချက် ၅ ချက်ကို လုပ်ဆောင်သွားရန် - တို့ဖြစ်သည်။
အသေးစိတ်ကို ပူးတွဲစာတမ်း၌ ဖတ်ရှုနိုင်ပါသည်။
Tags: News, politic