ရေနစ်သူကိုဝါးကူထိုးတဲ့ အစိုးရဝန်ထမ်းတွေကို မြင်အောင်ကြည့်စေလို
သို့ - သျှမ်းသံတော်ဆင့် အယ်ဒီတာ ခင်ဗျာ
သက်ဆိုင်ရာ အစိုးရအာဏာပိုင်များအားသိစေလိုပါသည်
မှတ်ပုံတင် မရှိဘဲ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနဲ့မြန်မာအစိုးရတို့ MOU သဘောတူ ပြုလုပ်ပေးထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ နေရပ်ပြန်ကြပါတယ်။ မယ်ဆိုင်-တာချီ လိတ် နယ်စပ် တံတား ဖြတ်ကူးတဲ့အခါတော့ အဆင်ပြေ ချောမွေ့ပါတယ်။ မိမိနေရပ်ကို လေယာဉ်နဲ့ ပြန် မဲ့သူတွေ လေယာဉ်လက်မှတ်သွားဝယ်တဲ့အခါ မှတ်ပုံတင်မရှိတဲ့အတွက် လဝက ထောက်ခံစာလို တယ် ဆို လို့ သွားယူရကြပါတယ်။ သွားယူတဲ့အခါ‘ခင်ဗျားတို့က မြန်မာပြည် သား တွေ။ ဘာကြောင့် မှတ်ပုံတင် မရှိသလဲ’ စသဖြင့် မေးပါတယ်။
ဗမာစကားတတ်တဲ့သူတွေအတွက် ဖြေရတာလွယ်ပေမဲ့ ဗမာစကား မတတ်တဲ့သူတွေအတွက် အခက်အခဲ တွေ့ရပါတယ်။ ထောက်ခံစာ လိုချင်တဲ့အတွက် ဘယ်လို လုပ်ရ မှာလို့မေးရင် ဘာမှမပြောပါဘူး။ ပိုက်ဆံသင်္ကေတဖြစ်တဲ့ လက်ကလေး ထောင်ပြပါတယ်။ အနည်းဆုံး ထိုင်းဘတ် ၁၅၀၀ ပေးရပါတယ်။ လေယာဉ်ကွင်းမှာလည်း တာဝန်ရှိသူတွေက နောက်ထပ်တောင်းပါ တယ်။ ထိုင်းဘတ် ၅၀၀-၁၀၀၀ အထိ ပေးရပါတယ်။ ဆိုက်ရောက်လေဆိပ်မှာလည်း ငါးထောင်ကျပ် ကနေ တစ်သောင်းအထိ ထပ်ပေးရပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် မြန်မာပြည်သားဖြစ်ပေမဲ့ မှတ်ပုံတင် မရှိရင် လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူးဆိုတာ ထင်ရှားနေပါတယ်။ ရွာသူရွာသား တွေ မှတ်ပုံတင် မရှိရတဲ့အကြောင်းရင်း တချို့က မှတ်ပုံတင် သွားလုပ်တဲ့အခါ အများစုက ဗမာစကား မပြောတတ်တာကြောင့် လဝကဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် မဆက်ဆံတဲ့အပြင် လုပ်ခ (ပိုက်ဆံ)လည်း အဆမတန် တောင်းပါတယ်။ ဒါကြောင့် မရှိဆင်းရဲသားတွေဟာ မှတ်ပုံတင် လုပ်ဖို့ မတတ်နိုင်ကြပါဘူး။ ဒါကြောင့် မိမိတို့ ပြည်သူပြည်သားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သမ္မတနှင့်တကွ အစိုးရအဖွဲ့တွေ သိရှိပြီး ဖြေရှင်းပေးပါရန် အလေးအနက် တောင်းခံအပ်ပါတယ်။
အခက်ကြုံနေတဲ့ ပြည်သူလူထုကို ကူညီကယ်တင်မယ့်အစား အခုလို ရေနစ်သူကို ဝါးကူထိုးနေတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း အထက်အာဏာပိုင်များအနေဖြင့် မြင်အောင်ကြည့်ပြီး တရားမျှတအောင်ဆောင်ရွက်စီရင်ပေးရန် တောင်းဆိုအပ်ပါတယ်။
သျှမ်းပြည်အလယ်ပိုင်းက ရေနစ်နေသူတဦး
Tags: Letter to Editor

