ယာဉ်တိုက်သေဆုံးမှု ဆေးစာလက်မှတ်ထိုးပေးဖို့ မှုခင်းဆရာဝန်မှ ပိုက်ဆံတောင်း
သို့- သျှမ်းသံတော်ဆင့်
၂ - ၇ - ၂၀၁၃ ရက် မွန်းတည့် ၁၁ နာရီ ခွဲ ပြည်သူတစ်ဦးရဲ့ ဖုန်းဆက်သတင်းပေးမှုအရ လားရှိုး ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို သွားရောက်ပြီး ပြည်သူအများရဲ့ လူမှုဘဝ ကြုံတွေ့နေရတဲ့ အခက် အခဲဖြစ်စဉ် ကို မေးမြန်း စုံစမ်းဖြစ်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဂျူလိုင်လ ၁ ရက် နံနက် ၉း၄၅ နာရီ လားရှိုး-သီပေါလမ်းအပိုင်း နောင်ကွဲ ကျေးရွာ အမက စာသင်ကျောင်းရှေ့ မိုင်တိုင်အမှတ် ၁၅၇/၀ ရှေ့မှာ ယာဉ်မောင်း ဦးလောက်ဝှာ၊ (၄၇) နှစ်၊ မောင်းနှင် လာသည့် 4.W ၁ခ / ၆၆၁၂ ယာဉ်ဟာဖြင့် ဆိုင်ကယ်မောင်းလာတဲ့ ဘိုးဖြူ (၂၀) နှစ်ကို တိုက်မိခဲ့ပါတယ်။ ဘိုးဖြူဟာ အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ ဘိုးဖြူရဲ့ နာရေးကိစ္စစီစဉ်ဖို့အတွက်နဲ့ တာဝန်ရ ပုဂ္ဂိုလ်တွေ တရားဥပဒေအရ စီစဉ်လုပ် ဆောင် နိုင်ဖို့အတွက် လားရှိုးပြည်သူ့ဆေးရုံ မှ မှုခင်းဆရာဝန်ကြီးဆီကနေ စစ်ဆေးပြီးဆေးစာ လိုအပ်နေပါတယ်။ သို့ပေမယ့် ဆေးစာကို ၂-၇-၂၀၁၃ ရက်နေ့ မွန်းတည့် ၁၀ နာရီအချိန်ထိ မရသေးလို့ သေဆုံးသူအတွက် နာရေး ကိစ္စစီစဉ် ဖို့ခက်ခဲကြန့်ကြာနေခဲ့ရပါ တယ်။
၂ -၇-၂၀၁၃ မွန်းတည့် ၁၂ နာရီ သေဆုံးသူရဲ့ မိသားစုဝင်က တာဝန်ရှိ ဆရာဝန်ကြီးတစ်ဦးထံ ဆေးစာ သွားတောင်းတော့ ကျပ်ငွေသုံးသောင်းတောင်းပါတယ်။ သေဆုံးသူမိသားစုမှာ နွမ်းပါးလို့ နေ့စား ကျောက်ထု လုပ်ငန်းလုပ်ကိုင်နေရတာဖြစ်တဲ့အတွက် ကျပ်နှစ်သောင်းပဲ ထားပေးဖို့ တောင်းပန် ပေမယ့် ဆရာဝန်ကြီးက ``မင်းတို့ စေတနာက နည်းလှပါလား´´ ဆိုပြီး လုံးဝ လျှော့မပေးပါဘူး။
သုံးသောင်းကျပ် ပေးမှ ဆေးစာထုတ် ပေး တယ်လို့ ဆေးစာသွားယူတဲ့သူကိုယ်တိုင်က ပြန်လည်ပြောပြပါတယ်။
ယခု ဖြစ်စဉ်များကဲ့သို့ပင် မှုခင်းဆေးစာယူနိုင်ရေး အမြဲတမ်းလိုလို အကြောင်းအမျိုးမျိုးနဲ့ကြုံပြီး ကြန့်ကြာ နေတာဟာ မကြာခဏလိုလို ဖြစ်နေပါတယ်။
အခုလို မှုခင်းပိုင်းဆိုင်ရာဆရာဝန်က အလှူငွေပေးမှ ဆေးစာထုတ်ပေးမယ် ဆိုတာ ဆရာဝန်တွေကနေ ပြည်သူလူထုကို ငွေကြေး ပေါ်ပေါ် တင်တင်တောင်းနေတာဖြစ်ကြောင်း ဆေးရုံနှင့်ဆက်သွယ်၍ အလုပ်လုပ် နေရသူ တစ်ဦးမှလည်း ထပ်မံ၍ ပြောပြလာတဲ့အတွက် ပြည်သူတစ်ချို့ကြုံတွေ့နေရတဲ့ လူမှုအခက်အခဲ ဖြစ်စဉ်ကို ရေးသားဖော်ပြလိုက် ရပါတယ်။
L2 (LSO)
Tags: Letter to Editor

