SSPP ၆ လ ပတ်အစည်းအဝေး ငြိမ်းချမ်းရေးအဓိကထားပြီး ကြေငြာချက်ထုတ်ပြန်



လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးပြသနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းကြဘဲ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်ဖြေရှင်း နိုင်ရေးအတွက်- SSPP/SSA က ၂၀၁၃ ခု ပထမ ခြောက်လ ပတ်အစည်းအဝေး အပြီး ကြေငြာချက် ၉ ချက် ထုတ်ပြန်ကြေငြာလိုက်ပါသည်။


“နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့မှာ ခွန်ထွန်းဦး ဦးဆောင်တဲ့ ဂျွိင့် အဖွဲ့ရှိပြီးသားဘဲ။ နိုင်ငံရေးကိစ္စက အဲဒီကနေဘဲသွားမှာ။ အခု ၆ လ ပတ်က ထုတ်ပြန်ကြေငြာချက်အတိုင်းပဲ ဆွေးနွေးကြတာဘဲ။ အဓိက ကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့၊ အပစ်ရပ်သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်း သွားဖို့ပါ” - ဟု ဌာနချုပ်ရုံးအရာရှိတဦး က ပြောပါသည်။


SSPP/SSA ၆ လပတ်အစည်းအဝေး(ဓါတ်ပုံ-SSPP/SSA)

SSPP/SSA ၆ လပတ်အစည်းအဝေး၏ ထုတ်ပြန်ကြေငြာချက်မှာ - “နိုင်ငံရေးပြသနာကို ငြိမ်းချမ်းသောနည်း လမ်းဖြင့်ဖြေရှင်းရေး၊ အပစ်ရပ် ပိုမိုခိုင်မာအောင် တပြည်လုံးအပစ်ရပ်ပေးရေး၊ ပင်လုံစိတ်ဓါတ်နှင့်အတူ စစ်မှန် တဲ့ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီဆိုင် ရာ အသိပညာပေးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်ရှိနေသည့်နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေး၊ မူးယစ်ဆေးဝါးကင်းစင်အောင် ၀ိုင်းဝန်းဆောင်ရွက်ရေး” - စသဖြင့် ပါဝင်ပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ခြောက်လပတ် အစည်း ဝေးအား ၄င်းတို့ ဌာနချုပ်အခြေစိုက်ရာ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဟိုင်း၌ ဂျူလိုင် ၂ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအား နာယကဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲင် က ဦးဆောင်ပြီး ဗဟိုကော်မတီ ၁၃ ဦး အရံ ဗဟိုကော်မတီ ၃ ဦးတို့နှင့် အတူ အရာရှိအရာခံ ၇၈ ဦးတက်ရောက် ခဲ့သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသော်လည်း အစိုးရတပ်နှင့် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားနေသေးသည့် တပ်ဖွဲ့ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates