သျှမ်း/မြောက်တွင် ယခုနှစ် ဝါး ရှားပါး



Bamboo Shoot
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မျှစ်အဆမတန်ရှားပါးသွားပြီဖြစ်ရာ ရွာသားများသုံးဖို့ပင် ရှာရခက်သည့် အခြေအနေရောက်နေကြောင်း နမ္မတူ ဒေသခံများကပြောပါသည်။


“အရင်နှစ်တွေက ၃-၄ လ လောက် လုပ်ရတယ်။ ဒီနှစ် ၂ လ ဘဲရှိတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကဘဲ ပြီးသွားပြီ။ မျှစ်မရှိ တော့ဘူး။ ဝါးအရမ်းရှားပါးသွားပြီ” ဟု နမ္မတူဒေသခံ စိုင်းခမ်းက ပြောပါသည်။


တရုတ်လုပ်ငန်းရှင်များက  လားရှိုး၊ သိန္နီ မြို့တို့တွင် မျှစ်ခြောက်လုပ်ငန်းထောင်ကာ အနီး တဝိုက် ဒေသခံများထံမှ မျှစ် များမှာယူ မျှစ်ခြောက်လုပ်၍ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချသည်ဟု လားရှိုးမြို့ခံ လုံးလ ကပြောသည်။


နမ့်ယော်ချောင်းရိုး၊ နမ့်တူ (ဒုဌ၀တီမြစ်ရိုး)တလျှောက်တို့ရှိမျှစ်များ အရမ်းရှားပါးသွားကြောင်း ဈေးသည် နန်းမွန်းကပြော ဆိုပါသည်။


“ နှစ်တိုင်းတူးရောင်းတယ်။ အရင်နှစ်တွေကမြစ်ခြောက်ဈေး တပိဿာ တသောင်းကျော်တယ်။ အခုနှစ်မျှစ်ပေါ်ချိန်မှာ တပိဿာ  ၇,၀၀၀ နဲ့ အခုနောက်ဆုံး ၅,၀၀၀ အထိဘဲကျန်တော့တယ်။ မျှစ်စိမ်းဈေးက တပိဿာ ၂၀၀ ဘဲ။ မျှစ်စိမ်း ၁၀ ပိဿာမှ မျှစ်ခြောက် တပိဿာရတယ် လေ။ မျှစ်ခြောက် အရှည် ၁၀ လက်မ ထက်ပိုရင်လဲ တရုတ်လောပန်းက မယူဘူး။ အများအားဖြင့် မျှစ်စိမ်း ဘဲသွားရောင်းပေးတာ။ မျှစ်ခြောက်လုပ်ဖို့မလွယ်ဘူး။ အခု မျှစ်လဲရှား ဈေးလဲပေါသွားပြီ။  ဒီနှစ် ရွာမှာသုံးဖို့တောင်မှ မျှစ်က အရမ်းရှားသွားတယ် ” ဟု ဆိုပါသည်။ 


မျှစ်စိမ်းရှာရောင်းသူမှာ မျှစ်ပေါ်ချိန်တွင် တရက်လျှင်ဝင်ငွေ ကျပ် ၁၂,၀၀၀ ရရှိကြောင်း၊ ပြင်ပ နေ့စား အလုပ်(လယ်ယာ အလုပ်၊ လက်သမား၊ ပန်းရံအလုပ်) သွားလုပ်ပါက အမြင့်ဆုံးနေ့စားခ ကျပ် ၈,၀၀၀ ထက်မပိုကြောင်း လားရှိုးမြို့ခံ စိုင်းညွန့် ကလည်းပြောဆိုပါသည်။


မျှစ်ခြောက်လုပ်ငန်းထောင်ဖို့ အနည်းဆုံး ကျပ်သိန်း ၁၅၀ ရှိရမည်ဖြစ်ကြောင်း၊ အလုပ်သမားငှားပါက တလလျှင် စားရိတ် ငြိမ်း ကျပ် ၁၂၀,၀၀၀ လုပ်အားခပေးကြောင်း  မျှစ်ခြောက်လုပ်ငန်း လုပ်ကိုင် နေသည့်  တရုတ်အမျိုးသား ဦးအားဟုန်ကပြောပါ သည်။


မျှစ်ရှာရောင်းခြင်းလုပ်ငန်းကို တားဆီးပေးရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လှုပ်ရှားမှုများ တားမြစ်မှု များလုပ်ပေးရန်အတွက် လွှတ်တော်အမတ် နန်းခမ်းအေးက တင်ပြပေးခဲ့ဖူးသည်။


ထိုသို့တင်ပြပြီးနောက် ၂၀၁၁  ကပင် မျှစ်ရှာမှု မျှစ်ရောင်းဝယ်မှု မပြုလုပ်တော့သော်လည်း ယခု ၂၀၁၂ နှင့် ၂၀၁၃ တို့တွင် မျှစ်ရှာဖွေ ရောင်းဝယ်မှု ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ဆောင်လာကြောင်း နန်းမွန်းက ပြောဆိုပါသည်။


မျှစ်များအား နမ္မတူမြစ်ကမ်းတလျှောက်၊ နမ့်ယော်ချောင်းတလျှောက်အပြင် မန်စံဒေသ၊ လွယ်တောက်ဒေသ၊ သိန္နီမြို့ မိုင်းလီ ဒေသ တို့မှလည်း ရှာဖွေတူးယူရောင်းချနေကြကြောင်း ဒေသခံခေတ်ပညာတတ်လူငယ် စိုင်းအေးက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates