လုံခြုံရေးအတွက်ဟုအခွင့်ကောင်းယူပြီး အစိုးရစစ်တပ်နှင့်ပြည်သူ့ရဲတပ်ဖွဲ့ များပြည်သူလူထုကိုအနိုင်ကျင့်နေ
သို့- သျှမ်းသံတော်ဆင့်
လုံခြုံရေးအတွက်ဟုအခွင့်ကောင်းယူပြီး အစိုးရစစ်တပ်နှင့်ပြည်သူ့ရဲတပ်ဖွဲ့ များပြည်သူလူထုကိုအနိုင်ကျင့်နေ
ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သည် ဗုံး သုံးလုံးပေါက်ကွဲပြီး နောက်ပိုင်း နမ့်ခမ်းမြို့ တွင်း/ပြင် နှင့် မူစယ်-နမ့်ခမ်း ပြည်ထောင်စု ကားလမ်းမပေါ်များတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လဝကဝန်ထမ်းများ၊ ပြည် သူ့ရဲတပ်ဖွဲ့များနှင့်စစ်တပ်များပူးပေါင်းပြီး လုံခြုံရေးများတင်းကျပ်ချထားသည်ကို တွေ့ရပါသည်။
ဗုံးနောက်ထပ် မပေါက်ကွဲရအောင် လုံခြုံရေးများ အထက်က ချထားပေးတာကို ကျနော်တို့ဝမ်းသာ ကျေးဇူးတင်မိပါသည်။
တချို့သော လုံခြုံရေးတပ်ဖွဲ့ဝင်များစောင့်ကြပ်နေသောနေရာများနှင့် မူစယ်-နမ့်ခမ်း ပြည်ထောင်စု ကားလမ်းမ ပေါ်ရှိ စစ်ကြောင်း လှည့်ကင်း ပတ်ကင်း တပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူ လူထုများ၏ ကား၊ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း အတွင်းပါ မကျန် စိတ်ကြိုက် ကြမ်းတမ်းစွာရှာဖွေ စစ်ဆေးမှုပြုလုပ်နေပါသည်။
အင်တာနက် ချိတ်ဆက် အသုံးပြုလို့ ရသော Android (အိုင့်ထရက်) ဖုန်းအမျိုးအစားများ ရှာဖွေ စစ်ဆေးတွေ့ရှိ ရလျှင် သိမ်း ဆည်းပြီး အကယ်၍ လက်ကိုင်ဖုန်းထဲတွင် ဗုံးပေါက်ကွဲသည့်နေ့က ဓါတ်ပုံ နှင့်ဗီဒီယိုဖိုင် များ စစ်ဆေးတွေ့ ရှိပါ က ထိုသူကို လူမမြင်သောနေရာတွင် လူမဆန်စွာ ရိုက်နှက်ပြီးဖုန်းကိုသိမ်းဆည်းလိုက်သည်သာမက ချိန်းခြောက်ပြီးမှ လွတ်ပေး လာကြသည်ကို ကျနော်တို့ မြို့သူမြို့သားများ သိရှိလာရတာ ၅ ကြိမ်ထက်မနည်း တော့ပါ။
အဆိုပါ အာဏာကို အလွဲသုံးစား လုံခြုံရေးအတွက် အကြောင်းပြုပြီး ပြည်သူလူထုများ အနိုင်ကျင့် အမြတ် ထုတ် နေသော လုံခြုံရေးတပ်ဖွဲ့များကို အမြန်ဆုံးဟန့်တား နိုင်ရေးအတွက် မြန်မာ့တပ်မတော် စစ်ဦးချုပ် ၊ သမ္မတကြီး၊သျှမ်းပြည် အစိုးရအဖွဲ့ဝင်များနှင့် သျှမ်းလူ့အခွင့်အရေးအဖွဲ့များသိရှိနိုင်စေရန် သျှမ်းပြည်သူများ၏ ရင်ဖွင့်သံများကို အမြဲ ဖော်ပြပေးခဲ့သော သျှမ်းသံတော်ဆင့် ပေးစာကနေတဆင့် တင်ပြဖော်ပြ အပ်ပါ သည်ခင်ဗျား။
မှ - ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တစ်ဦး
(၃၁.၁၀.၂၀၁၃)
Tags: Letter to Editor

