ကျွန်တော့် နိုင်ငံရေး လက်ဦးဆရာ စဝ်အွတ် (ကေးဆီး)
ဆရာကွယ်လွန်သွားတာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၁)ရက် ဒီနေ့ဆိုရင် တနှစ်တင်းတင်း ပြည့်ပြီဆိုပေမယ့် ဆရာရဲ့ ဟန်ပန် အမူ အရာတွေ၊ အပြာအဆို သွန်သင်ဆိုဆုံးမတာတွေ၊ နိုင်ငံရေး အတွေးအမြင်တွေ၊ အနာဂတ်ရည်မှန်းချက်တွေနဲ့ ဆရာ မကြာမကြာပြောပြခဲ့တဲ့ တထောင့်တည ဟဒယ ဆန်ဆန် ပုံတိုပတ်စတွေကို အာရုံထဲမှာ မြင်ယောင် ကြားယောင်နေဆဲပါ ဆရာ။
အခုလိုနိုင်ငံရေး အကူးအပြောင်း စပ်ကူးမတ်ကူးကာလမှာ ဆရာ့ကို ပိုပြီးသတိရ မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ဆရာ့ကို အရမ်းလိုအပ်နေလို့ပါ။ လစ်ဟာသွားတဲ့ ဆရာ့နေရာကို ဘယ်သူကမှ အစားထိုးဝင်မယူနိုင်သေးပါဘူး။ ဥပဒေပညာရှင် ဖြစ်တဲ့ဆရာဟာ ကျွန်တော်တို့အတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါ။
ဆရာနဲ့ပထမဦးဆုံး ကိုယ်တိုင်ကိုယ်ကျ စတင်တွေ့ဆုံတဲ့နေ့ကို အခုထက်ထိ ကျွန်တော် တခုတ် တရဖြစ်နေတုန်းပါ။ ဆရာ့ဆောင်းပါးတွေ ကွဏ်းခေါ် စာစောင်ထဲမှာ ကျောင်းသားဘဝကတည်းက ဖတ်ဖူး ပြီးသား ရင်းနှီးပြီးသား ဖြစ်ပေမယ့် လူကိုယ်တိုင်ကိုတော့ အဲဒီနေ့မှာပဲ တွေ့ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ရဲဘော်တွေကို လွယ်တိုင်းလျန်း ထရိန်နင် ကမ့်မှာ သင်တန်းမှူးက ချုံခိုတိုက်ခိုက်နည်း သင်းကြားပြသနေတုန်း ဆရာက နိုင်ငံခြား သတင်းထောက် နှစ်ယောက်နဲ့အတူ ပေါက်ချလာပြီး သင်းတန်းမှူးကို အင်တာဗျူး လုပ်ခဲ့တယ်။ ပထမတော့ ကင်းမြီးကောက် နှုတ်ခမ်းမွေးရှည်ရှည်နဲ့ ဟိတ်ဟန် ခန့်ညား တည်ငြိမ်တဲ့ ပုဂ္ဂိုလ်ကို ဆရာမှန်း မသိပါဘူး။ သင်တန်းမှူး မိတ်ဆက်ပေးမှပဲ ဆရာ့ကို ဒုဗိုလ်မှူးကြီး စဝ်အွတ် (ကေးဆီး) မှန်း သိတော့တယ်။ ဆရာကတော့ ကျွန်တော့်ကို သတိမထားမိပေမယ့် ကျွန်တော်ကတော့ သတင်းထောက်တွေ အတွက် ဘာသာပြန်ပေးတာကို တွေ့ရကတည်းက ဆရာ့ကို ဆရာတင်မိပြီးသား ဖြစ်ပါတယ်။ အဲဒီနှစ်က ၂၀၀၅ ခုနှစ် နှစ်လယ်ပိုင်းဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ ကျွန်တော်လည်း ဌာနတခုပြီးတခု တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အရှည်ကြာဆုံး အတည်တကျ တာဝန်ထမ်းဆောင်ရတာကတော့ နိုင်ငံရေးဌာနပဲ ဖြစ်ပါတယ်။ ဆရာကတော့ တိုင်းရင်းသားမဟာမိတ်ရေးရာဌာနမှာ တာဝန်ခံအဖြစ် တာဝန်ယူရတဲ့ ကာလဖြစ်တာကြောင့် ကျွန်တော်နဲ့ဆရာ ရင်းနှီး သိကျွမ်းဖို့ အကြောင်းဖန်လာတယ်။ လုပ်ငန်းအရ တွဲပြီးလုပ်ရတာတွေ ရှိသလို မသိသေးတဲ့ နိုင်ငံရေးနောက်ခံသမိုင်းတွေ၊ ပြည်တွင်းက ပါတီအကြောင်းတွေ၊ နယ်စပ်မှာ ရောက်ရှိနေတဲ့ ပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြန်မာ့ နိုင်ငံရေး၊ နယ်စပ်နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး စသည့် အကြောင်းတွေကို ဆရာ့ဆီ အချိန်ရတိုင်း လေ့လာသင်ယူရတော့ ဆရာနဲ့ ကျွန် တော်ဟာ ဆွေမျိုးသားချင်း တအူတုံဆင်း ညီအကိုအရင်းလို ချစ်ခင်ရင်းနှီးလာခဲ့ကြတာမဆန်းပါဘူး။ အဲဒီကစပြီး ဆရာလည်း ကျွန်တော့်နိုင်ငံရေး လက်ဦးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
ဒီဘက်အပစ်အခတ်ရပ်စဲရေးခေတ်ရောက်တော့ လက်မှတ်ရေးထိုးပွဲတွေမှာ ကျန်းမာရေးကြောင့် ဆရာကိုယ်တိုင် မလိုက်ပါ နိုင်ခဲ့ပေမယ့် ဆရာပေးတဲ့ ဥပဒေရေးရာ အကြံဉာဏ်တွေဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအတွက် တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ ဥပမာ လက်မှတ်ထိုးတဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်မှာ တပ်ရာထူးအဆင့်တွေပါရင် ဦးမတပ်ရဘူး ဆိုတဲ့ ဟာမျိုးတွေပေါ့။ ဗိုလ်မှူးချုပ် ဦးစိုင်းတိုင်း ဆိုတာမျိုး မလုပ်နဲ့ဆိုသလိုပေါ့။ တခြားအကြံကောင်းတွေလည်း အများကြီး ဆရာပေးခဲ့ တာရှိပါတယ်။
၂၀၁၂ခုနှစ် အောက်တိုဘာလ ၂၇-၂၈ရက် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျင်းပတဲ့ RCSS၊ UNODCနှင့် မူးဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ် ရေးဗဟိုအဖွဲ့ (CCDAC)တို့၏ သုံးပွင့်ဆိုင် ရှမ်းပြည် အစားထိုးဖွံ့ဖြိုးရေးနှင့် တရားမဝင် မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် RCSS ကိုယ် စား လှယ် (၁၄)ဦးမှာ ဥပဒေရေးရာ အကြံပေးအဖြစ် ဆရာပါဝင် ဆွေးနွေးအကြံပြုခဲ့တာကို ကျွန်တော်အမှတ်ရနေတုန်း။ ဆရာရဲ့အကြံပြုချက် တွေဟာ ကျွန်တော်တို့အတွက် ကြီးစွာ အထောက်ကူဖြစ်ခဲ့ပါတယ်ဆိုတာကိုလည်း ကြားသိခဲ့ရပါတယ်။
တာချီလိတ်ဆွေးနွေးပွဲပြီးလို့ ပြည်သူလူထု၊ ရှမ်းနိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များနဲ့ တွေ့ဆုံ ဆွေးနွေး အကြံဉာဏ် ရယူနိုင်ရေး RCSS တောင်ကြီး၊ ရန်ကုန်ခရီးစဉ်မှာ ဆရာ လိုက်ပါခဲ့ပြီး အားတက် သရော ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်ခရီးစဉ်မှာ SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦး နွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့သလို တောင်ကြီးမှာ SNDP ဥက္ကဌ စဝ်စိုင်းအိုက်ပေါင်းနဲ့လည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ခဲ့ကြပါတယ်။ သမိုင်းဝင် ပင်လုံမြို့ ပိဋကတ်ကျောင်းတိုက်ကို သွားရောက်ပြီး ဆရာတော်ကြီးများရဲ့ သြဝါဒကို ခံယူခဲ့ပါတယ်။ ဒါတွေဟာ ဆရာရေးတဲ့ သမိုင်းပဲဖြစ်ပါတယ်ဆရာ။
ရန်ကုန်ကအပြန် တောင်ကြီးမှာ ငယ်ပေါင်း ကျောင်းနေဖက် သူငယ်ချင်းဟောင်းတွေ၊ ဥပဒေပညာ ရှင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကြီးကြပ်စောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းရေးအကြောင်းကို ဆရာ အကျယ်တဝင့် ရှင်းလင်းပြခဲ့ပါတယ်။ မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ဆရာ့ဆွေတော် မျိုးတော်တွေနဲ့ ဆရာတို့ ပြန်ဆုံကြတဲ့အချိန်မှာ အာလုံးရဲ့မျက်ဝန်းတွေထဲ မျက်ရည်စို့ခဲ့ကြတယ်လို့ ကျွန်တော်ကြားသိခဲ့ပါတယ်။ ကျွန်တော်ထင်တယ်လေ ဒီအချိန်ဟာ ဆရာ့အတွက် အပျော်ရွှင်ဆုံး အချိန်ဖြစ်မှာပဲလို့။
ဒါပေမယ့် အနိစ္စတရားသဘောအရ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှာ လူကြီးရောဂါနဲ့ ရုတ် တရက် ဆရာ လူ့လောကကြီးကို စွန့်ခွါသွားပြီ ဆိုတဲ့သတင်းဆိုးကို ကြားလိုက်ရခဲ့တဲ့အချိန်မှာ ကျွန်တော် ဟာ ယောက်ျားတန်မဲ့ ရှိုက်ကြီးတငင် မျက်ရည်ကျခဲ့ရပါတယ်။ အချိန်မတန်ဘဲ အကြွေစောတဲ့ ဆရာ့အဖြစ် ကို ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။ နှမြော တသသ ခံစားခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်နေဖြစ်နေ သေတဲ့လူ ပြန်ရှင်ရိုးမရှိတော့ တရားနဲ့ စိတ်ဖြေပြီး ဆုံးခန်းတိုင် မရောက် သေးတဲ့ ဆရာ့နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ အနာဂတ်အစီအစဉ်တွေ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးဟာ အဓိကကျတဲ့အတွက် ကျန်ရစ်တဲ့ ကျွန်တော်တို့တတွေက ဆရာ့အတွေး အခေါ် အကြံဉာဏ်တွေကို ဦးထိပ်ပန်ဆင်လို့ ရှေ့သို့ ဆက်လက်ချီတက်ခဲ့တယ်ဆိုတာ တမလွန်ကနေ ဆရာသိမှာပါ။
အခုလည်း ဆရာ ကွယ်လွန်ခြင်း တနှစ်ပြည့်တဲ့နေ့မှာ ဆရာ့ကို ထပ်ပြီး ကတိပြုပါတယ်။ ဆရာနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို နည်းလမ်းပေါင်းစုံသုံးပြီး ဇွဲ၊လုံ့လ၊ဝိရိယနဲ့ မရောက်ရောက် အောင် အရောက်လှမ်းချီတက်ပါ့မယ်လို့။
ဆရာဟာ ကျွန်တော်တို့ရဲ့ စံပြပါ၊ ပဲ့ကိုင်ပါ၊ ခွန်အားပါ။ ရှေ့ဆောင်လမ်းပြတဲ့ သူပါ။
ဆရာ ကောင်းရာသုဂတိလားပါစေ။
ထာဝစဉ်ဦးညွတ်လျက်
လွယ်ငိုင်း (သမိုင်း)
Tags: General, News


