သျှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေးမှ ဘဏ္ဌာရေးခွဲဝေမှုကိစ္စ မကျေနပ်မှုရှိ



ss parliament
ရှမ်းပြည်နယ်လွှတ်တော်

၂၀၁၄ - ၂၀၁၅ ဘဏ္ဌာရေးနှစ်အတွက် အထူးအစည်းအဝေးခေါ်ယူ၍  သျှမ်းပြည်နယ်အတွက် အသုံး စရိတ်ချမှတ်ရာ  လွှတ် တော်အမတ်အချို့ ကျေနပ်မှုမရှိကြောင်း အစည်းအဝေးတက်ရောက်သူများက ပြောသည်။

၂၀၁၄ - ၂၀၁၅ ဘဏ္ဌာရေးနှစ်အတွက် အထူးအစည်းအဝေးအား နိုဝင်ဘာ ၄  နှင့် ၅ ရက်နေ့တွင် ကျင်းပနေခြင်းဖြစ်သည်။

“လင်းခေး ခရိုင်နဲ့ လွယ်လင်ခရိုင်ဆို စစ်ဘေးစစ်ဒဏ် အထူးခံစားရတဲ့ ဒေသဖြစ်တယ်။ ပြန်လည်ထူထောင်ရေးအတွက် အရမ်းလိုအပ်တဲ့ဒေသဘဲလေ။ ဒါပေမယ့်အခုတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုပြီး ဘတ်ဂျတ် ချပေးတော့ အထူးဒေသတွေ နဲ့ တခြားစီဘဲ” - ဟု သျှမ်းအမျိုးသား ပြည်ခိုင်ဖြိုးပါတီ အမတ်တဦး ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်ဖြစ်သည့် ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း နှင့် ဖယ်ခုံမြို့ နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်း၊ ဘိန်းအစားထိုးသီးနှံ ပံ့ပိုးခြင်းစီမံကိန်းများအတွက်ဟုဆိုကာ ဘတ်ဂျတ်ပိုမိုရရှိခြင်းဖြစ်သည်ဟု လွှတ်တော်အမတ်အချို့ကပြောသည်။

အဆိုပါလေးမြို့နယ်အား အောက်တိုဘာလမှစ၍ ဒီဇင်ဘာလကုန်ပိုင်းအထိ အထူးစီမံကိန်းဖြင့် ဘိန်းခြံများတိုက်ဖျက်နေ ခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါးက အဲဒီလေးမြို့နယ်ဘဲ များတာ။ ဘိန်းခြံရှိတာမဟုတ်ဘူး၊ ကျနော်တို့ သျှမ်းပြည်မှာ မြို့နယ်ပေါင်း ၅၅ ခု မြို့နယ်ခွဲပေါင်း ၂၂ ခု ရှိတယ်။ မြို့နယ်တိုင်းလိုအပ်တာဘဲ။ ဒါပေမယ့် ဘာလုပ်မယ်ဆိုတာ တိတိကျကျ၊  ပွင့်လင်းမြင်သာ မှုရှိရှိနဲ့ စီမံကိန်းကို အများပြည်သူ သိအောင် ချပြသင့်တယ်လေ။ ဒီတကွက်လေးကိုဘဲ ဦးစားပေး သလိုဖြစ်နေတော့ မဟုတ် သေးဘူး” - ဟု ကျားဖြူအမတ်မင်းတဦးကလည်းပြောသည်။

ယခုကျင်းပသည့် သျှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်မင်း ၁၄၀ အနက် ၁၆ ယောက် ခွင့်ယူထားသည်ဟု သျှမ်းပြည်နယ်အစိုးရ ဝဲပ်ဆိုဒ်တွင်ရေးသားထားသည်။

ပြီးခဲ့သည့် ဘဏ္ဌာရေးနှစ်က သျှမ်းပြည်နယ် ရသုံးငွေစာရင်းတွင်  သျှမ်းပြည်အစိုးရဝင်ငွေ ၂.၂၂၇ သန်း ရှိ ပြီး  သုံးငွေက သန်းပေါင်း ၆၁၃၂   ရှိသည်ဟုဆို၏။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာမူ ဘတ်ဂျတ် ကျပ် သန်းပေါင်း ၉၅၁၉ သန်း ချမှတ် သုံးစွဲခဲ့သည်ဟုဆို၏။ 


၁၉၄၀-၄၁ အင်္ဂလိပ်ခေတ်တွင် သျှမ်းပြည် (မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်သွင်းကုန်အခွန်၊ အမြတ် ငွေ) ဝင်ငွေ ၅,၈၈၈,၀၀၀ ရူးပီး ရှိပြီး ဗဟိုအစိုးရ (အင်္ဂလိပ်အား နိုင်ငံခြားဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ငွေဒင်္ဂါး ထုတ်လုပ်ရေး၊ လမ်းတံ တားဖေါက်လုပ်ရေးအသုံးစရိတ်အတွက်ပြန်ပေးရ) ထံပေးရသည့်ငွေက ၂,၃၈၂,၀၀၀ ရူးပီးသာရှိသည့် အတွက် သျှမ်းပြည် အစိုးရအတွက်ကျန်ရှိသည့် ရူးပီးငွေ ၃,၅၀၆,၀၀၀ ဖြင့် သျှမ်းပြည်ရေးရာ အတွက်သုံးစွဲနိုင်ခဲ့သည်ဟု ဦးထွန်းမြင့်၏ “ ရှမ်း ပြည်နစ်နာချက်များ” စာတမ်းတွင်ရေးသားထားပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates