ပွိုင့်ဦးမထွက်လိုသည့်အစိုးရတပ်သား မိမိကိုယ်မိမိပစ်သတ်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဘက် လှုပ်ရှားသည့် အစိုးရစစ်ကြောင်းတကြောင်းမှ တပ်သား တဦးက ပွိုင့်ဦးမထွက်လိုသောကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက်ကပြောသည်။
Child soldiers in Myanmar
၂၀၁၃ နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီ နှင့် ၈ နာရီကြား နမ္မတူမြို့ဘက်မှ မိုင်းယင်ကျေးရွာ အုပ်စုဘက် ခရီးနှင်သည့်အစိုးရတပ် စစ်ကြောင်းတကြောင်းက မန့်ကောင်းဟုန်းရွာအရောက် မိမိကိုယ်မိမိ ပစ်သတ်လိုက်ကြောင်း၊ ခမယ ၅၀၃ သို့ မဟုတ် ၅၀၄ တပ်ရင်းမှ တပ်သားဖြစ် နိုင်ကြောင်း ကြားသိရပါသည်။

“သူက ခြေထောက်နာနေတယ်။ တဘက်ကလဲ ဝါကျွတ်တုန်းကဘဲ အိမ်ထောင်ပြုထားတာတဲ့။  ပွိုင့်ထိုးရင်လဲသေရမှာအတူတူ စစ်သားလုပ်ရတာ စိတ်ပျက်လို့ သူ့ကိုယ်သူ ပစ်သတ်လိုက်တာတဲ့” - ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

အဆိုပါစစ်ကြောင်းသည် ကောင်းဟုန်းရွာ  သူကြီးအိမ်ရှေ့ လုံးယီ့ ဆိုသူ၏ ခြံဝန်းအတွင်း၌ မိမိကိုယ်မိမိ ပစ်သတ်ခြင်းဖြစ်ကြောင်း၊ အိမ်ရှင်အား နစ်နာကြေးအတွက်နှင့် သေဆုံးသူအားရည်စူး၍  အလှူအဒါန်း လုပ်ပေးရန် ကျပ်ငွေ ၅ သောင်းထောက်ပံ့ခဲ့ကြောင်း ကြားသိရပါသည်။

“အဲဒီစစ်ကြောင်းက အရင်က ခလရ ၃၂၄ နေတဲ့ မိုင်းယင်စခန်းဟောင်းမှာ သွားနေတယ်။ ကျန်တဲ့ စစ်ကြောင်းက အင်အား ၅၀ ကနေ ၈၀ လောက်ရှိတယ်။ ညနားရင်နေ့ဘက် တရွာဝင်တရွာ ထွက်လှုပ် ရှားတယ်။ ဘယ်တပ်တွေလဲမသိဘူး။ တံဆိပ်လဲမထည့်ဘူးလေ။ သီပေါ နမ့်လန် ဘက်က တပ်တွေနဲ့ တူတယ်” - ဟု နမ္မတူရောက် မိုင်းယင်အုပ်စုသားတဦးကပြောသည်။

အဆိုပါစစ်ကြောင်းသည် တနင်္လာနေ့ ဈေးနေ့နံနက် ၉ နာရီက လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ် သောကြောင့် လှန့်ဖြန့်ကာ ဈေးပျက်ခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညကလည်း လက်နက်ကြီး လက်နက် ငယ်မျိုးစုံပစ်ခတ်သေးကြောင်း၊ တိုက်ပွဲဖြစ်သကဲ့သို့ပစ်ခတ်ကြောင်း ဒေသခံများကပြော သည်။

တပြည်လုံးအပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်တွင် ပါဝင်လှုပ်ရှားသူတဦးကလည်း ‘အထက်က နယ်မြေရှင်းလင်းဖို့ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ညွှန်ကြားထားပုံရကြောင်း၊ လက်အောက်ခံစစ်ကြောင်းများက ရှေ့တန်းမတက် တိုက်ပွဲမဆင်နွဲလိုသောကြောင့် တိုက်ပွဲအတု ဆင်နွဲခြင်းဖြစ်နိုင်ကြောင်း၊ အဓမ္မညွန်ကြားမှုများကြောင့် ယခုကဲ့သို့ မိမိကိုယ်မိမိ အဆုံးစီရင်မှု ဖြစ်လာ ကြောင်း သုံးသပ်ပါသည်။

နိုဝင်ဘာ ဒုတိယပတ်ကလည်း လည်း ခလရ ၂၉၂ ဗိုလ်မှူးသူရ ဦးဆောင်သည့် စစ်ကြောင်းက မောက်မယ် မြို့နယ် ကန်တူးလုံကျေးရွာအုပ်စု အမြောက်ဘက် ၁၀ ခန့်တွင်တိုက်ပွဲအတု ဆင်နွဲ ကြောင်း၊ တိုက်ပွဲ၌ အမ်အေ သေနတ် တလက် ကျည် ၁၀ ဒေါင့်  လူသေလောင်းတလောင်း သိမ်းဆည်း ရမိသည်ဟု အထက်သို့ လိမ်လည်တင်ပြခဲ့သေးကြောင်း နီးစပ်သည့်အသိုင်းအဝိုင်း က ပြောသည်။ နိုဝင်ဘာ ၄ ရက်နေ့ကလည်း လဲချားမြို့နယ် ဝမ်းယိမ်းအုပ်စုဘက်သွားရောက်လှုပ်ရှားသည့် စစ်ကြောင်းတကြောင်းက လည်း ထိုကဲ့သို့ တိုက်ပွဲအတု ဆင်နွဲကြောင်း၊ သေနတ်တစ်လက် သိမ်းဆည်း ရမိသည်ဟုအထက်သို့ တင်ပြကြောင်း ဒေသအတွင်းနီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates