မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းလူငယ်များ တွေ့ဆုံ နှီးနှောဖလှယ်ပွဲ မန္တလေးမြို့တွင် ပထမအကြိမ်ကျင်းပ




မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် အဖြစ် ဒီဇင်ဘာ ၂၇ မှ ၂၉ အထိ ကျင်းပမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“ ကျနော်တို့ဖြစ်မြောက်ရေးကော်မတီကနေ အနယ်နယ်အရပ်ရပ်က သျှမ်းလူငယ်အယောက် ၂၅၀ ဖိတ်ထား တယ်။ သာသနာ့ဝေပုလ္လ သျှမ်းကျောင်း မန္တလေးမြို့မှာ ပြုလုပ်မယ်။ မိမိဒေသတွင်းမှာ အသီးသီး လှုပ်ရှားနေတဲ့ လူငယ်တွေကို ဒီမှာလာ တွေ့ဆုံပြီး အသိအမြင်ဖလှယ် ဖို့နဲ့ ရှေ့ဆက် ချိတ်ဆက်လက်တွဲပြီး အလုပ်လုပ်သွား နိုင်ဖို့၊ စုပေါင်းပြီးတော့ Tai Youth Network ဖွဲ့ပြီး လုပ်ငန်း တာဝန်တွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ သျှမ်းလူငယ် များတွေ့ဆုံနှီးနှောဖလှယ် ပွဲဖြစ် မြောက်ရေး ကော်မတီ၏ ပြောခွင့်ရ စိုင်းဆိုင်မိဏ်းက သျှမ်းသံတော်ဆင့်အား ပြောပါသည်။

(From Sai Hsaileng Facebook )

မြန်မာတနိုင်ငံလုံးအတိုင်းအတာမှ သျှမ်းလူငယ်များ တွေ့ဆုံဆွေးနွေး မှုဖြစ်ပြီး ထိုမတိုင်ခင် ဒီဇင်ဘာ ၂၄ ယမန်နေ့ကလည်း မန္တလေးမြို့တွင် မီဒီယာများနှင့်တွေ့ဆုံကာ ရှင်းလင်းမှုများလုပ်ခဲ့သည်ဟုလည်းသိရပါသည်။


“ ဒါကျနော်တို့တွေ့ဆုံတာ ပထမအကြိမ်တော့မဟုတ်ပါဘူး။ အရင်တုန်းက ဖွင့်ပြောဖို့ချိန်မတန် သေးလို့ ပေါ့နော်။အခုတော့ တိုးတက်ပြောင်းလဲ လာတဲ့နိုင်ငံရေးနဲ့အညီ ကျနော်တို့လူငယ်တွေဆိုလဲ အဖွဲ့ပေါင်းစုံ ဘက် ပေါင်းစုံက လာတဲ့အတွက် ရှင်းလင်းဖွင့်ပြောရတာဖြစ်ပါတယ်။ ကျနော်တို့ ရှေ့ဆောင်လမ်းပြ လူကြီးသူမ တွေကို ကျော်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့နောက်ပိုင်းမှာ လူကြီးတွေက ထောက်ခံအားပေးခဲ့ ပါတယ်။ အကြံဥာဏ်တွေလဲ ပေးပါတယ်။” ဟု ဆိုပါသည်။ 


အဓိကရည်မှန်းချက်မှာ ကနေ့ခေတ် နိုင်ငံရေးအသိအမြင် အမျိုးသားရေး သမိုင်း ပြတ်လပ် လစ်ဟာ မသွား ရအောင် လူငယ်များ ချိတ်ဆက်အလုပ် လုပ်သွားရန်ဖြစ်ကြောင်း၊ ရှေ့တွင်လည်း ယခုတခေါက်မပါသေးသည့် သျှမ်းလူငယ်၊ အဖွဲ့အစည်းများနှင့်လည်းထပ်မံဆက်သွယ်သွားမည်ဟု ဆိုပါသည်။

တွ့ဆုံဆွေးနွေးပွဲပြီးဆုံးသည့် ၂၉ ရက်နေ့တွင်လည်း သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates