နိုင်ငံတော် သမ္မတကြီးနှင့် သျှမ်းပြည်နယ် ဝန်ကြီးချုပ် ၊ ပညာရေးဝန်ကြီးနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ သိရှိ အကူအညီပေးပါရန်



သို့ - သျှမ်းသံတော်ဆင့်

ကျမကသျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်စံပြကျေးရွာ မှာနေပါတယ်။ မူဆယ်မြို့နှင့် (၆) မိုင်သာဝေးပြီး အုပ်စု အဆင့်ရှိ စံပြ ကျေးရွာကြီးဖြစ်ပါတယ်။ ကျမက မုဆိုးမပါ။ မိသားစု စားဝတ်နေရေး နှင့်သားသမီး (၃)ယောက်ရဲ့ ပညာရေးအတွက် တော်တော်လေး ရုန်းကန်ရပါတယ်။ အကြီးဆုံးသမီးက ဒီနှစ် (၁၀) တန်းပါ။ သူ့ကို နှစ်ချင်းပေါက်အောင်စေချင်တာရယ်၊ သူ့ သူငယ်ချင်းတော်တော်များများက တခြားမြို့ကနာမည်ကြီး (အောင်ချက်ရာခိုင်နှုန်း ကောင်းတဲ့) ဘော်ဒါတွေသွားတော့ သူလည်းသွားချင်တာကြောင့် မျက်နှာငယ်မှာ စိုးလို့ကြိုးစားပြီး ပို့ရတာပါ။

အငယ်နှစ်ယောက်ရဲ့ ကျောင်းစရိတ်ကလည်း မနည်းပါဘူး။ စယ်လန့်ကျောင်း (အထကခွဲ) မှာက သူငယ်တန်းကစပြီး အတန်းတိုင်း ကျူရှင်ရှိပါတယ်။ ကျူရှင်မတက်နိုင်တဲ့ ကလေးဆို ဆရာ/မ တွေရဲ့ ခွဲခြား ဆက်ဆံတာကို ခံရပါတယ်။ ဒါကြောင့် အလယ်တန်းနှင့် မူလတန်းအဆင့် ကလေးနှစ်ယောက်ကို လည်း ဘော်ဒါမပို့နိုင်ပေမယ့် အတန်းပိုင်တွေရဲ့ကျူရှင်တော့ ဖြစ်အောင် ပို့ရပါတယ်။


(၂၁.၉.၂၀၁၃)နေ့က စယ်လန့်ကျောင်းမှာ နှစ်ပတ်လည် ပညာရည်ချွန်ဆုပေး ပွဲလုပ်ပါတယ်။ ကလေးမိဘတွေ တွေ့ဆုံပြောဆို ဖြစ်တော့မှ စယ်လန့်ကျောင်းကိစ္စ သိရပါတယ်။ စယ်လန့်ကျောင်းက ၁၉၁၃ ခုနှစ်က စပြီးအခြေအနေ အမျိုးမျိုးကြားက စပြီးဖွင့်ခဲ့တာ ၂၀၀၂ ခုနှစ်အထိ အလယ်တန်းအဆင့်ပဲ ရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က စပြီး ယနေ့ အထိ မူဆယ် အထက (၁) ရဲ့ အထကခွဲ အဆင့်ဘဲရှိပါသေးတယ်။ ဘာကြောင့် အထက မဖြစ်သေးပါလိမ့်ပေါ့။


အဖြစ်က ဒီလိုပါတဲ့ ....... မူဆယ်မြို့နယ် ပညာရေးဌာနက တာဝန်ရှိသူများက စယ်လန့်ကျောင်းကို အထက အဖြစ်တိုးမြင့်ပေးဖို့ စီစဉ်ပေး ပါတယ်။ စယ်လန့်ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရွှေ ကတာဝန်မယူလို့ (လက်မှတ်မထိုးလို့) မတင်ဖြစ်ကြောင်းသိရပါတယ်။ ဒီသတင်းကြားရတော့ ကျမတို့လို ဆင်းရဲသားကျောင်းသား မိဘတွေ ရင်ဆို့ရပါတယ်။


နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် နှင့် ဒုတိယ သမ္မတများ၊ နိုင်ငံတော် အကြီးအကဲများ၊ လွှတ်တော်ဥက္ကဠ များဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် အစွမ်းကုန်လုပ်ဆောင်နေတာကို ကျမတို့ ဉာဏ်မီသလောက် သိရှိရပါတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ ပညာရေး ကိုအဆင့်မြင့်စေဖို့ ကြိုးစားပြောင်းလဲ နေကြောင်း သိရှိနေရပါတယ်။ လက်ရှိ အခြေအနေ မှာ နောက်ကြောင်း ပြန်မလှည့်သော် လည်း အလိုက်သင့်မလိုက်ဘဲ ဒရွတ်တိုက်ဆွဲလိုက်ချင်ကြတဲ့ အသိဉာဏ်နည်း အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူး တွေကြောင့် နိုင်ငံတော်သမ္မတကြီး နှင့် အကြီးအကဲများကို ကျေးဇူးတင်အားနာသနားမိပါတယ်။


အလျဉ်းသင့်လို့ ကျမတို့ စယ်လန့် အုပ်ချုပ်ရေးမှူး အကြောင်း တင်ပြချင်ပါတယ်။ ရပ်/ကျေး အဆင့် အုပ်ချုပ်ရေးမှူး များရွေးချယ်ရာမှာ ဒီမိုကရေစီစံနှုန်း နှင့်ညီရမယ်။ ရပ်/ကျေး ပြည်သူများ အပေါ် စေတနာထား ပြီးကောင်းကျိုးသယ်ပိုးနိုင်သူ စိတ်ကြိုက်ရွေးချယ်ရမယ်။ ဘွဲ့ရ ခေတ်ပညာတတ် ဖြစ်ရမယ် စသည်ဖြင့် စည်းကမ်း သတ်မှတ်ချက် များရှိကြောင်း လေ့လာခဲ့မိပါတယ်။


ကျမ တို့ စယ်လန့်အုပ်ချုပ်ရေးမှူး ကတော့ လွတ်တော်သက်တမ်းထက်ကြာ လှပေါ့။ ရွာမှာ ဘွဲ့ရ ခေတ်ပညာတတ်လူကြီးလူငယ် အများကြီးရှိပါတယ်။ ယခု လက်ရှိ အုပ်ချုပ်ရေးမှူး ကတော့ (၆) တန်းအထိပဲလား ကျောင်းနေဖူးမယ် ထင်ပါတယ်။ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကလည်း သူတို့လောက် ပညာမတတ်တဲ့ သူတို့ပြောသမျှလက်ခံနားထောင်မဲ့၊ လုပ်ပေးမဲ့၊ အလယ်တန်း အောက် အဆင့် ပညာအရည်အချင်းရှိသူကို ရွေးချယ်ခန့်ထားတယ် ထင်ပါတယ်။ စယ်လန့်ကျေးရွာသူ/သားများ ဆန္ဒနှင့် ရွေးချယ်ခန့်အပ် တာဝန်ပေးသင့်တယ် ထင်ပါတယ်။


ကျမတို့ စယ်လန့် ကျေးရွာဆိုတာ အစဉ်အလာရှိတဲ့ စော်ဘွားအုပ်ချုပ်တဲ့ ရွာကြီးပါ။ လက်ရှိနိုင်ငံတော် အကြီးအကဲများ၊ ဗိုလ်ချုပ် အဆင့်ရှိသူများ၊ အရာရှိငယ် အဆင့်များမှာ စယ်လန့်ကျေးရွာတွင် တာဝန်ထမ်းဆောင်ခဲ့ကြဖူးပါတယ်။ စယ်လန့်သူများနှင့် ဖူးစာဖက်ခဲ့ ကြသူများလည်းရှိပါတယ်။


ကျမတိုစယ်လန့် စံပြကျေးရွာ စာသင်ကျောင်း(အ.ထ.က) အဆင့်ဖြစ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး သဘောတူ(လက်မှတ်ထိုး)မှဖြစ်မှာလား ၊ အသိဉာဏ်နည်း အုပ်ချုပ်ရေးမှူး ကြောင့် ကျေးရွာတွင်းရှိ ကျောင်းသားများ နှင့် မိဘ များလိုအပ်ချက်၊ မျော်လင့်ချက် ပျောက်ဆုံးရမှာ လား။ စယ်လန့်ကျေးရွာ အုပ်စုတစ်ခုလုံး ပြောင်းလဲ လာတဲ့ ခေတ်စနစ် နှင့် အညီ ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့ ကျေးရွာ အုပ်ချုပ် ရေးမှူး (ဘွဲ့ရ ခေတ်ပညာတတ် ပြည်သူအပေါ် စေတနာရှိပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး အမှန် တကယ်လိုလားသူ) ကို ပြောင်းလဲခန့်အပ်ပေးဖို့နှင့် စယ်လန့်စံပြကျေးရွာ အထကခွဲကို အထကအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများ အကူအညီပေးကြပါရန် လေးစားစွာ အားကိုးတင်ပြလိုက်ရပါတယ်။


စယ်လန့်က မယ်ခန့်(မုဆိုးမ)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates