လက်နက် မကိုင်ပဲတိုက်တဲ့ မူဆယ် ဆေးရုံဝင်းထဲမှ ဓါးပြများ



သို့ - သျှမ်းသံတော်ဆင့်

ယောက်မဖြစ်သူ မီးဖွားမှာဖြစ်လို့ မူဆယ်ဆေးရုံသို့ ရောက်သွားရပါတယ်။ ဆိုင်ကယ်နှင့်ပါ။ မူဆယ်ဆေးရုံမှာ ခလေးမီးဖွားဖို့ သွားလျှင် ကြုံရတဲ့ အခက်အခဲနှင့် ကုန်ကျစရိတ် များကို သီးသန့်ပြောပြပါဦးမယ်။

ဆေးရုံ အဝင်မှာ ပြဿနာစပါ တော့တယ်။ ကျမ ဆိုင်ကယ်စီးပြီးဝင်သွားတော့ မီးရထားသံလမ်းနှင့် ကားလမ်းဖြတ်အကူးမှာပဲတွေ့ဖူးတဲ့ သံတံခါးကို အတင်းပိတ်လိုက်ပါတယ်။ ပြီးတော့ အမျိုးသား နှစ်ယောက် ရောက်လာပြီး ဆေးရုံထဲ ဆိုင်ကယ်ဝင်လို့မရဘူး။ ဒီအဝမှာပဲ အပ်ခဲ့ရမယ် ပြောပါတယ်။ (အခကြေးငွေနှင့်ပါ) ကျမ မှာ ယောက်မရဲ့ ကလေး (၂) နှစ်နီးပါး ခန့်ကို အခြားအသုံးအဆောင်များ တင်သွားပါတယ်။ ကလေးက တစ်ဖက်၊ ပစ္စည်းက တစ်ဖက် နှင့် လမ်းလျှောက်ဝင်ရန် အဆင်မပြေ သဖြင့် ဆိုင်ကယ်နှင့် ၀င်ခွင့်ပြုဖို့ပြောပါတယ်။ မရပါဘူး ။ ငွေမပေးချင်လို့မဟုတ်ပါဘူး။ ကျမ အခက် အခဲ ကိုမြင်ယောင်ကြည့်ပါ။

ဆေးရုံရှေ့(OPD) ကိုလှမ်းကြည့်တော့ ဈေးသည်လှည်းတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေ အများကြီးဝင်ပြီး ရပ်ထားတာ တွေ့ရပါတယ်။ စကားအခြေတင်ပြောကြပါတယ်။ မောက်မာရိုင်းစိုင်းစွာလည်း အပြောခံ ရပါတယ်။ အဲ့ဒီ အမျိုးသားတွေက နင်မကျေနပ်ရင်ကြိုက်တဲ့နေရာ သွားတိုင် ငါတို့က ခွင့်ပြုချက်နှင့် ကောက်နေတာ အလကားကောက်နေတာ မဟုတ်ဘူး သူ့သတ်မှတ်ချက် အတိုင်းငွေပြန်သွင်းရတာ နားလည်ထား ဟု မောက်မာရိုင်စိုင်းစွာ အော်ဟစ်ပြောဆိုပါတယ်။ ဆိုင်ကယ်မအပ်ခဲ့လျှင် အန္တရာယ်ပြု မည့်ပုံစံမျိုးတောင် တွေ့ရပါတယ်။ ဘာလူမျိုးတွေလဲ မသိပါ ဗမာလိုပြောတာ တော်တော်ဝဲပါတယ်၊ သူတို့ပြောစကားတွေနားလည်အောင် ကျမ ကြိုးစားနားထောင်ရပါတယ်။ ပတ်ဝန်းကျင်က လူတွေလည်း ဝိုင်းကြည့်တော့ ကျမ တော်တော်ရှက်ရပါတယ်။

နိုင်ငံတော် အစိုးရပိုင် အများပြည်သူအားလုံးနှင့်ဆိုင်သော ပြည်သူ့ဆေးရုံဝင်းထဲမှာ ကိုယ်ကျိုးရှာ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပေါ်နေပါလား ဆိုပြီး ခံစားလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ကို ကျမတစ်ဦးတည်း မဟုတ်ပဲ ဆေးရုံလာသူ တော်တော်များများ ကြုံတွေ့ခံစားခဲ့ ရကြောင်း သိရှိရပါတယ်၊ စဉ်းစားကြည့်ပါ ဆေးရုံဆိုတာ ဘယ်သူမှ အပျော်သက်သက်မလာပါဘူး ဆေးရုံနှင့် ပတ်သက်ပြီဆို အနည်းနှင့်အများ ဒုက္ခသည်ချည်းပါဘဲ အဲဒါကို ကိုယ်ချင်းစာတရား မရှိဘဲ ငွေရလိုမှုတစ်ခုတည်းကို ကြည့်ပြီး ဓါးပြတိုက်သလို ဆက်ဆံခဲ့ရပါတယ်။

မူဆယ်မြို့မှာ အများပြည်သူနှင့် ဆက်ဆံရသော ဌာနဆိုင်ရာ အများကြီးပါ၊ ဘယ်ဌာနမှ ဆိုင်ကယ် ကိုထားခိုင်းပြီး ငွေအတင်းအကြပ်ကောက်ခံတာမျိုး မရှိပါ။

ဒါကြောင့် လက်နက်မကိုင်ပဲ ဓါးပြတိုက်သလို မင်းမဲ့စရိုက်ဆန်ဆန် ဆက်ဆံနေကြတဲ့ မူဆယ်ဆေးရုံ ဝင်းထဲမှ အကျင့်ပျက်စရိုက်ကြမ်း ဝန်ထမ်းဆိုးတွေရဲ့ လုပ်ရပ်ကို ကျန်းမာရေးဝန်ကြီး ၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အာဏာပိုင်များသိရှိကာ ကျမကဲ့သို့ မလွဲမရှောင်သာလို့ဆေးရုံရောက် လာကြတဲ့ ဒုက္ခသည်တွေအပေါ်မောက်မာရိုင်းစိုင်းစွာ ဆက်ဆံခံ ခဲ့ရပြီး လူ့ကျင့်ဝတ်သိက္ခာ မညိုးနွမ်းကြ စေဖို့လိုအပ်သလိုပြုပြင်ပေးနိုင်စေရန် တင်ပြအပ်ပါတယ်၊


လေးစားစွာဖြင့်

ကိုယ်တွေ့ခံစားရသူ

(မအေး)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates