သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ ပိဋကတ်ကျောင်းတိုက် ဆရာတော် မွေးနေ့ပွဲ ဝေသန္တရာ အလှူကြီးပေး
သျှမ်းပြည်တောင်ပိုင်း သမိုင်းဝင် ပင်လုံမြို့ သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိပိဋကတ်ကျောင်း စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဦးဝိစာရဏ၏ နှစ် ၅၀ ပြည့်ရွှေရတုမွေးနေ့ပွဲ၌ ကိုရင်အပါးပေါင်း ၇၀၀ ကျော်ကို ဝေသန္တရာ အလှူဖြင့်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
ယင်း မဲနှိုက်ကံစမ်းရသော အဆိုပါ ဝေသန္တရာ အလှူပွဲကို ဆရာတော်ကြီးက ကမကထပြု၍ ဒကာ ဒကာမ များစုပေါင်းအားဖြင့် ပြုလုပ်ခဲ့ကြောင်း၊ ပထမဆုအဖြစ် ဆိုင်ကယ်တစ်စီး ၊ ဒုတိယဆုအဖြစ် ငွေကျပ် ၁ သိန်းအပြင် ဗလာမပါကံစမ်းမဲများ ဖြစ်ကြောင်း ဆရာတော် အရှင်စဝ်ဆေကွမ်းမှိုင်း က ပြောသည်။
" ဒီလို ဝေသန္တရာအလှူလုပ်ရတာဟာ မွေးနေ့ပွဲအတွက် အမှတ်တရလည်းဖြစ်တယ်၊ ပီတိလည်း ဖြစ်တယ် " ဟု ကျောင်းထိုင်ဆရာတော် ဦးဝိစာရဏက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ရန်ကုန်မြို့ ဆင်ခြောက်ကောင်ဆေးတိုက်မှ ပါနန်းငင်းဆိုင်(ခ) ဒေါ်နန်းငွေကြည်ကလည်း ဝေသန္တရာ အလှူပွဲသို့ ငွေပမာဏ ၂၅ သိန်းခန့်ရှိသော ဆေးများလှူဒါန်းခဲ့ပါသည်။
ကျောင်းထိုင်ဆရာတော် ဦးဝိစာရဏ၏ မွေးနေ့ပွဲကို ဂျန္နဝါရီလ ၉ ရက်နေ့ကတည်းက စတင်ကျင်းပပြီး ၊
ယမန်နေ့ ၁၁ ရက်နေ့က ရေစက်ချလှူဒါန်းခဲ့ပါသည်။
အဆိုပါပွဲသို့ ဘုန်းကြီးကျောင်း ၁၀၈ ကျောင်းမှ သံဃာတော်များနှင့် ရပ်နီးရပ်ဝေးမိတ်ဆွေသင်္ဂဟများ တက်ရောက်ခဲ့ကြပါသည်။
ကျောင်းထိုင်ဆရာတော် ဦးဝိစာရဏသည် ဂျန္နဝါရီလ ၁၁ ရက် ပြာသိုလဆန်း ၁၁ ရက်က သက်တော် ၅၀ ပြည့်၊ ဝါတော် ၃၀ ဝါ ပြည့်တော်မူခြင်းဖြစ်ပါသည်။ ဆရာတော်သည် နမ့်စန်မြို့နယ် ဟိုက်ဖတ်အုပ်စု နမ့်မော်ငင်းကျေးရွာနေ လုံးစန်းကွမ်း ပါ့စန်းနွံတို့၏ သားဖြစ်ပါသည်။ သက်တော်၉ နှစ်ကတည်းက ပင်လုံမြို့ ပိဋိကတ်ကျောင်းသို့ လာရောက်ပညာသင်ကြားခဲ့ကြောင်းသိရှိရပါသည်။
Tags: News, Religion

