ခေတ်ကုန်နေပြီ .........မသိသေးတာလား



သို့ -  သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် ပြည်နယ်အဆင့် အာဏာပိုင်များသိစေရန်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် မြို့တောင်ဘက်အဝင်အထွက်လမ်း( နမ့်ဆိုင်းမှ အဝင်  လမ်း) တွင် မြို့နယ်စည်ပင်က ဂိတ်ထောင်ကာ အမြို့အဝင် ဆိုင်ကယ် ထော်လာဂျီများထံမှ ဘီးခွန်ကောက်နေ သည်မှာ ၁ နှစ်ရှိပြီဖြစ်ပါသည်။

ယခင်က တခြားဒေသကလာသည့် ယာဉ်များကိုသာ မြို့အဝင်ဘီးခွန်ကောက်ပါသည်။ ယခုနှစ်အတွင်း ကျနော်တို့ လင်းခေးမြို့ခံများဆီကပါ ကောက်ခံနေသဖြင့် ဒေသခံများအခက်တွေ့နေရပါသည်။
မြို့အဝင်ဆိုင်ကယ် ထော်လာဂျီဘီးခွန် တစီးကျပ် ၂၀၀ ၊ ထော်လာဂျီ အသေး ၃၀၀ အကြီး ၅၀၀ စသဖြင့်ကောက်ခံနေပါ သည်။

လင်းခေးမြို့နယ်စည်ပင်ဦးစီးမှူး ဦးအောင်နိုင်ဆိုသူ၏  အမိန့်အရ ဟုဆိုပါသည်။

၎င်းဦးအောင်နိုင်သည် လင်းခေးတွင် တာဝန်ကျနေသည်မှာ ကြာလှပြီဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်များက တခြားသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယမန်နှစ်ကမှ လင်းခေးပြန်ရောက်သည်နှင့် ဂိတ်ထောင်ဘီးခွန်ကောက်ခံနေပါသည်။

မြို့နယ်အတွင်း နိုင်ငံရေးပါတီများထံ အကူအညီ အကြံအဉာဏ်တောင်းသော်လည်း ပိုက်ဆံပေးရသည့်ငွေဖြတ်ပိုင်းယူခဲ့ရန်သာပြောဆိုနေပါသည်။

ဒုက္ခပါဘဲ ..အခွန်ကောက်နေပါတယ်ဆိုမှ အဘယ်မှာဖြတ်ပိုင်းပေးပါမည်နည်း။

ယနေ့ခေတ် အစိုးရလက်ထက်တွင် (လမ်းခရီးများ၌) ယခင်က စောင့်ကောက်ခဲ့သော ဂိတ် တော်တော်များများ ရုပ်သိမ်းကုန်ပြီဖြစ်သော်လည်း အနှီ ဦးအောင်နိုင်ဆိုသူမှာလေ့လာမှုမရှိ၍ လားမသိပါ။ ဂိတ်ထောင်ပိုက်ဆံကောက်နေသေးသည်မှာ အရှက်မရှိ ခက်လှပါဘိ  ဖြစ်နေပါသည်။

ထို့ကြောင့် ဒေသခံများ၏ ချွေးနဲစာ ကောက်စား ညှစ်စားနေသည့် အကြင်နာတရားကင်းမဲ့လှသော ထိုကဲ့သို့ စည်ပင်မှူးကို သက်ဆိုင်ရာလူကြီးမင်းက စီစစ်ပေးပါရန် ၊ ယနေ့ခေတ်သည် အာဏာရှင်ခေတ် အနိုင်ကျင့်ငွေညှစ်စားသောခေတ်မဟုတ်တော့ကြောင်း ၄င်းသိအောင် ပြောပြ  ရှင်းပြပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြလိုက်ရပါသည်။

မခံမရပ်နိုင် ဖြစ်နေသော
ထော်လာဂျီသမားတဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates