နိုင်ငံရေးဆွေးနွေးရန် UNA နှင့် UNFC တို့ အခြေခံ ဥပဒေမူကြမ်း ပူးပေါင်းရေးဆွဲ



ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ အစိုးရအဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပူးပေါင်းရေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

UNA နှင့် UNFC တို့ ခွန်ထွန်းဦး၏ နေအိမ်၌ တွေ့ဆုံစဉ် (Photo:SNLD)

“အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကိုယ့်လက်ထဲမှာ အသင့်ရှိနေဖို့အတွက်ပါ။ ကြိုတင်ပြင်ဆင်မှု ပေါ့။ မပြီးသေးဘူး။ ဆက်ရေးနေတုန်းဘဲ” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် က ပြောပါသည်။

UNA နှင့် UNFC တို့ အစိုးရနှင့် နိုင်ငံရေး ပူးပေါင်းဆွေးနွေးရန် သဘောတူထားသော်လည်း ပြည်သူ လူထုအား အသိပေး၊ လူထုဆန္ဒ ကောက်ခံရယူပြီးမှသာ ဆွေးနွေးမည်ဟု  စိုင်းညွှန့်လွင်က ပြောပါ သည်။

UNA အဖွဲ့မှ ခွန်ထွန်းဦး၊ နိုင်ငွေသိန်း၊ ဦးအေးသာအောင်၊ စိုင်းညွှန့်လွင်၊ စိုင်းဖိုးအောင်တို့ ဦးဆောင် သောအဖွဲ့နှင့် ခွန်ဥက္ကာ၊ နိုင်ဟံသာ၊ ဆွေမျိုးသန့်၊ ဦးထွန်းဇော်၊ အားခေါန်တို့ ဦးဆောင်သည့် UNFC  မှအဖွဲ့တို့ ယမန် နေ့(မတ်ခ်ျလ ၁၂ ရက်က) ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ခွန်ထွန်းဦး၏ နေအိမ်၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် UNFC ဖက်မှ လိုင်ဇာဆွေးနွေးပွဲအကြောင်း၊ လော်ခီးလာဆွေးနွေးပွဲအကြောင်း၊ ဂျန္နဝါရီ လ ၂၉−၃၀ ရက် ချင်းမိုင်နှင့် မတ်ခ်ျလ ၉−၁၀ ရက်ရန်ကုန်တို့တွင် MPC နှင့် ဆွေးနွေးခဲ့မှု များကို ပြန်လည်ရှင်းလင်းပြောပြသည်ဟု ဆိုပါသည်။




 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates