အမျိုးသားရေးကို ထိပါး စော်ကားမှုသည် အသေး အမွား ကိစ္စ ဆိုသော်ငြား ငြိမ်းချမ်းရေး တည်ဆောက်မှု ပျက်ပြား စေသည်



သို့- သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်နားဆိုင်းအုပ်စု နမ့်ပိုင်ကျေးရွာ အစိုးရမူလတန်းကျောင်းတွင် အစိုးရစာသင်ကျောင်းပိတ်ချိန် ရွာသူရွာသားနှင့်ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့က သျှမ်းစာပေ ယဉ်ကျေးမှု အသင်းနှင့်ညှိနှိုင်းပြီး နွေရာသီသျှမ်းစာသင်ကြားရေးသင်တန်းကို အစိုးရမူလတန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။


ဧပြီလ ၂၉ ရက်က ထမင်းစားနားချိန် သျှမ်းစာဆရာ အိမ်ပြန်ထမင်းစားပြီး ကျောင်းပြန်မရောက် ခင် နမ့်ပိုင်ကျေးရွာနေ အစိုးရစာသင်ကျောင်းဆရာမ မချောစုက သျှမ်းစာသင်တန်းမှ ကလေး များအား စာသင်ချိန်ပြင်ပ ဆော့ကစားနေမှုကို တအားဆူသည်ဟုဆိုကာ လာရောက် ဆူဆဲပြီး တုတ်ဖြင့်ရိုက်နှက်ခဲ့ပါသည်။


သင်ကြားချိန်ရောက်ခါနီး ထမင်းစားရာမှပြန်လာသည့် သျှမ်းစာသင်ကြားရေးဆရာ စိုင်းပွင့် က  ဆရာမ မချောစုကို “ ဒီလိုမလုပ်ပါနဲ့။ ကျနော်သင်နေတဲ့ကလေးကို မကြိုက်တာများရှိရင် ကျနော့် ကို အသိပေးပြောပြပါ။ ကျနော့်ကလေး ကျနော်ဆုံးမ ပါ့မယ် ”  လို့ပြောတော့ ဆရာမ ချောစုက လက်မခံပဲ စိုင်းပွင့်ကို “ မင်းတို့သင်နေတဲ့ သျှမ်းစာဆိုတာ အလကားဘဲ။ အကျိုးမရှိဘူး။ ဘာမှ မထူး ဘူး။  ကြိုးစား သင်ရမှာက ဗမာစာ။ ခုကဘာမှန်းမသိတဲ့ သျှမ်းစာကို အချိန်ကုန် ခံသင်နေ တယ်။ မင်းတို့ရတဲ့ လခကလဲ တစ်လမှ  25000 ကျပ်။   ငါတို့ဆိုရင် တစ်လတစ်သိန်းကျပ်။ မင်းတို့နဲ့ တခြားစီဘဲ။ မင်းတို့ အဓိပ္ပါယ်မရှိတဲ့အလုပ် လုပ်နေတာ ”  ဟု  ပြောသည်။


လူမျိုးရေး၊ စာပေယဉ်ကျေးမှုအရေးထိပါးလာသဖြင့်စိုင်းပွင့်လည်း  မချောစုကို “ ကျောင်းဖွင့်ချိန် မဟုတ် တဲ့အတွက် ဆရာမအနေနဲ့ လာမရှုပ်သင့်ဘူး။ ကျနော်တို့ စကားမများချင်ဘူး။  ဆရာမ အေးဆေးပြန်ပါ ” - ဟု  မချောစုကို ပြန်ပြောချိန် ဆရာမချောစုကကိုင်ထားသောတုတ်ဖြင့်  သျှမ်းစာ ဆရာ စိုင်းပွင့်ကို လေးငါးချက်ရိုက်လိုက်သည်။


သို့သော် ဆရာမမှာ မိန်းကလေးလည်းဖြစ် ကိုယ်ဝန်သည်လည်းဖြစ်နေသဖြင့် စိုင်းပွင့်က လုံးဝ လက်တုန့်မပြန်ပဲ သင်တန်းသား ကလေးငယ်များအား သင်ကြားရေးပိတ်ပြီး ပြန်ခိုင်းလိုက်ပါ သည်။


ထိုကိစ္စကို နမ့်ပိုင်ကျေးရွာသူ/သားများနှင့် ပတ်ဝန်းကျင်ရွာဖြစ်သည့် နားကွန်ကျေးရွာ ကျောင်းသား မိဘများ မကျေမနပ်ဖြစ်ပြီး  ဆရာမချောစုကို မိမိရွာ ကျောင်းဆရာမအဖြစ်မှ ဖြုတ်ပေးရန်  သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးထံ ဝိုင်းဝန်းလက်မှတ် ရေးထိုးတိုင်ကြားဖို့ စီစဉ်နေသည်ဟု ရပ်ရွာဒေသခံတစ်ဦးပြောပြပါသည်။


ထိုကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီမှ မြို့နယ်မှူးအဆင့်ရှိသူ စဝ်ထွန်းမိန်း ကလည်း  “ နောက်နောင်မည်သည့်ပြသနာကိုမဆို လူမျိုးရေးကိုထိခိုက်စော်ကားသော အပြုအမူ၊ အပြောအဆိုများ မသုံးမိစေရန် ”  ဆရာမ မချောစုအား သတိပေးပြောဆိုလိုက် သည်ဟု ကြားသိရပါသည်။


တိုင်းရင်းသားများ၏ အမျိုးသားရေး စာပေယဉ်ကျေးမှုအရေးတို့သည် ဗမာလူမျိုးကြီးဝါဒတို့ အတွက် အသေးအမွှားကိစ္စဟုဆိုသော်ငြားလည်း လူမျိုးတစ်မျိုးနှင့်တစ်မျိုး မုန်းတီး စိတ်များဖြစ် စေပြီး လူမျိုးစွဲစိတ်မပျောက်နိုင် ဖြစ်ရကြောင်း၊ လူမျိုးစွဲ  စိတ်ရှိနေသေးသမျှ  စစ်မှန်သောငြိမ်းချမ်း ရေးကိုလည်း လုံးဝရနိုင်မည်မဟုတ်ကြောင်း  ထို့ကြောင့်ထိုကဲ့သို့သော လူမျိုးရေးပဋိပက္ခ ဖြစ်ပွါး စသည့်သူအား ထိရောက်စွာအရေးယူမှသာ  ငြိမ်းချမ်းရေး စိတ်ဓါတ် အမြန်ပွားများလာနိုင်မည်ဟု  ငြိမ်းချမ်းရေးလိုလားသူ ရပ်မိရပ်ဖများက သုံးသပ်ပြောဆိုနေပါသည်။


ဆရာမ မချောစုဆိုသူသည် ဗမာပြည်ဇာတိဖြစ်ပြီး နမ့်ပိုင်ကျေးရွာတွင် မူလတန်းပြဆရာ တာဝန် ထမ်းဆောင်ရင်း နမ့်ပိုင်ရွာသားနှင့်အိမ်ထောင်ကျနေသူဖြစ်ပါသည်။

ငြိမ်းချမ်းရေးလိုလားသူ နမ္မတူမြို့ခံများ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates