ပြည်ထောင်စုရဲ့ငြိမ်းချမ်းရေး ပြည်ပမှာလည်းရှိ



ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းမှာရှိတဲ့ သျှမ်းပြည်ဟာ တရုတ်ပြည်၊ လောနိုင်ငံနဲ့ ထိုင်းနိုင်ငံ တွေက နယ်နိမိတ်ပြု ဝိုင်းရံထားပါတယ်။ ပါးစပ်မှာ ငုံထားခြင်း ခံရသလိုပါဘဲ။ အင်အားကြီးနိုင်ငံ ဖြစ်တဲ့ ရှရှား နိုင်ငံရဲ့ ငုံထားခြင်းခံရတဲ့ ယူဂရိန်းနိုင်ငံနဲ့ တူပါတယ်။ ဒါကြောင့် တနိုင်ငံနဲ့တနိုင်ငံ အမြင်မကြည် ဘဝင်မကျရင် ရှရှားနိုင်ငံကြီးက အင်အားနည်း ယူဂရိန်းနိုင်ငံသားတွေကို သွေးထိုးပြီး စိတ်ဒုက္ခပေးလေ့ရှိပါတယ်။ ဒါဟာ ကျနော်တို့အတွက် ဥပမာကောင်းတခုဖြစ်ပြီး သင်ခန်းစာ ယူသင့်ပါ တယ်။


၁၉၆၇ ခုနှစ် မော်စီတုန်းကွယ်လွန်ပြီးနောက် တရုတ်ပြည်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ နည်းစနစ် တွေကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ မော်စီတုန်းနေရာမှာ တာဝန်ယူထားတဲ့ တိန်ရှောက်ဖျင် က “ကြောင်ဟာ အမဲဖြစ်ဖြစ် အဖြူဖြစ်ဖြစ် အကြားဖြစ်ဖြစ် ဘာမှပြဿနာမရှိဘူး။ ကြွက်ဖမ်းနိုင်ဖို့က အဓိကဖြစ်တယ်” လို့ ဆိုပြီး နည်းမျိုးစုံကျင့်သုံးကာ တိုင်းပြည်ကို ထူထောင်လာတာ ကမ္ဘာမှာ ဒုတိယ နေရာကို ရောက်ရှိလာပါတယ်။ မကြာခင်မှာ အမေရိကန်ကိုကျော်ပြီး ပထမနေရာကို ရောက်ရှိတော့ မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တိုင်းပြည်ဖြစ်ဖြစ် လူဖြစ်ဖြစ် အားသာချက်၊ အားနည်းချက် ၂ ခု စလုံး ဒွန်တွဲနေမြဲပါ။ တရုတ်ပြည်ရဲ့ အားနည်းချက်က ပြည်သူသန်းပေါင်း ၇၅၀ က ဆင်းရဲတွင်းနက်နေတုန်းပါဘဲ။ ဒီပြဿနာကို မဖြေရှင်းနိုင်သေးရင်တော့ တရုတ်ပြည်ပြိုကွဲပြီး နိုင်ငံငယ်ပေါင်းများစွာ ပေါ်ပေါက် လာတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ တရုတ်ပြည်ဟာ ပြင်ပကို ဖောက်ထွက်လာဖို့ အကြောင်းရင်း တချက်ဖြစ်ပါတယ်။ နောက်တချက်က စီးပွားရေးတောင့်တင်းလာရင် စစ်အင်အားချဲ့ချင်တာဟာ လည်း ဓမ္မတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ကလည်း စိုးရိမ်ပြီး  ပြင်ပကို သြဇာအာဏာမလွှမ်းမိုးအောင် တရုတ်ပြည်ကို ပြန်ဝိုင်းရံထားဖို့ တရုတ်ပြည်ရဲ့ အိမ်းနီးချင်းနိုင်ငံတွေကို စည်းရုံးပါတယ်။ ဒီတိုင်းပြည်တွေကို ဘူမိနိုင်ငံရေး အခေါ်အဝေါ်အရ အစပ်နားကနယ်မြေ(Rimland) ဒါမှမဟုတ် နယ်စပ်(Frontier) လို့ ခေါ်ပါတယ်။

တရုတ်ပြည်ကို ကူပြီးဝိုင်းရံထားဖို့ အမေရိကန်က ဒဲ့ဒိုးကြီးတော့ မပြောပါဘူး။ ပြည်သူတွေ သဘောကျတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး မြန်မာပြည်ထဲ ဝင်လာပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးပြဿနာ၊ နျူးကရီးယားကိစ္စတွေ ပြောပါတယ်။ ဒါ့အပြင် အစ္စလာမ် သာသာနာဟာ ကမ္ဘာမှာ အင်အားကြီးတာကြောင့် ရိုဟင်ဂျာပြဿနာကို အကြောင်းပြ ပြန်ပါတယ်။

အမေရိကန်အပြင် တခြားနိုင်ငံတွေဖြစ်တဲ့ အန္ဒိယ၊ ဂျပန်နဲ့ အာဆီယံအသင်းဝင် အရှေ့တောင် အာရှနိုင်ငံတွေက တရုတ်ပြည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဂျပန်ကတော့ မဲခေါင်မြစ် ကာကွယ်စောင့်ရှောက်ပျိုးထောင်ရေး(Greater Mekong Sub-region) အကြောင်းပြပြီး ဝင်လာ ပါတယ်။

တရုတ်ကတော့ သူတို့ရဲ့စစ်အင်အားကို နိုင်ငံနယ်နိမိတ်ကိုကျော်ပြီး ပို့ဆောင်မှာမဟုတ်ကြောင်း ပြောဆိုနေပါတယ်။ ဒါကို ဘယ်သူက ယုံကြည်စိတ်ချနိုင်သလဲ?

ရွှေတြိဂံနယ်မြေမှာ မူးယစ်ရာဇာလို့ ကျော်ကြားတဲ့ စိုင်းနော်ခမ်းကို ဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့တဲ့ ကိစ္စ၊ ၂၀၁၁ အောက်တိုဘာလ ၅ ရက် ရွှေတြိဂံမှာ တရုတ် ၁၃ ဦး အသတ်ခံရပြီးနောက် ကူးသန်း ရောင်းဝယ်ရေးမှာ တရုတ်ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့ မြန်မာ၊ လော၊ ထိုင်းကို တရုတ်က အကြပ်ကိုင်တဲ့ကိစ္စ၊ တရုတ်ပြည်ကာကွယ်ရေးပေါ်လစီကို ကြည့်မယ်ဆိုရင် နယ်မြေကျူး  ကျော်ခံရတဲ့အချိန်၊ တရုတ်အမျိုးသားကောင်းကျိုး ထိခိုက်ခံရတဲ့အချိန်မှာ တရုတ်စစ်တပ်ကို အသုံး ပြုမယ်ဆိုတဲ့အကြောင်းတွေကို ကြည့်မယ်ဆိုရင် ဘယ်သူမှ စိတ်အေးနိုင်မှာ မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် တခြားတိုင်းပြည်တွေ ပါဝင်လာတာ မရှိပေမဲ့ တရုတ်က ကိုယ်စားလှယ်အဖြစ် Wang Yinfan နဲ့ မြန်မာစကား၊ မြန်မာစာတတ်မြောက်နားလည် တဲ့ အာဏာပိုင်တွေကို စေလွှတ်လာပါတယ်။ လာရောက်စောင့်ကြည့်နားထောင် ဝင်ရောက်ပြောဆို မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်က ပိုမိုသိရှိမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဒါဟာငါတို့တိုင်းပြည် ငါတို့နိုင်ငံကိစ္စဆိုပေမယ့် ငြိမ်းချမ်းရေးလုပ်ဆောင်နေမှုတွေဟာ  အနောက်နိုင်ငံတွေက အကောင်း မမြင် မထောက်ခံရင် အောင်မြင်ဖို့မလွယ်ကူပါဘူး။

ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင် သာမက မြန်မာခေါင်းဆောင်တွေလည်း ကိုယ့်ဘက်ကိုချည်းမကြည့်ပါနဲ့ ။ တဖက်သားကိုပါ ထည့်တွက်ပါ။

မြန်မာပြည်ဟာ အမေရိကန်နဲ့တရုတ်ကို အရမ်းမှီခိုတယ်လို့ တခြားနိုင်ငံတွေ အမြင်မမှားအောင် လုပ်ဆောင်ပါ။ ကျနော်တို့တိုင်းပြည်ကို လယ်ကန်သင်း အဖြစ်မခံပါစေနဲ့။ ၁၉၄၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ကျနော်တို့တိုင်းပြည်ဟာ ကျွဲကြီး နှစ်ကောင် ဝှေ့ခတ်မှုကြောင့်ပျက်ခဲ့ရတဲ့ လယ်ကန်သင်း   တကြိမ်ဖြစ်ခဲ့ပြီးပြီ။
တကယ်လို့  ကျနော်တို့လက်ထက်မှာလည်း တိုင်းပြည်ဟာ လယ်ကန်သင်း နောက်တကြိမ်အဖြစ်ခံရရင်တော့   ကျနော်တို့ တိုင်းပြည်နဲ့ပြည်သူလူထုကို မချစ်တဲ့သူ စေတနာမရှိတဲ့သူတွေ ဒီကမ္ဘာမှာ  ရှိတော့မှာမဟုတ်ပါဘူး။

အယ်ဒီတာချုပ်
သျှမ်းသံတော်ဆင့်သတင်းဌာန






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates