တပ်မ ၇၇ နှင့် မူးယစ်သုံးစွဲရောင်းဝယ်သူများအဖွဲ့ ပစ်ခတ်မှုဖြစ်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ ရေထိန်းတောတန်းဘက် စစ်ကြောင်းလှည့်သည့် အစိုးရ တပ်မ ၇၇ လက်အောက်ခံစစ်ကြောင်း နှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအဖွဲ့ ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ရွာပြင်ဘက်မှတောအုပ်သည်  ပစ်ခတ်မှုဖြစ်ပွါးခဲ့သော မန်စံအုပ်စု နမ့်ဆီလင်းချောင်းဦး ရေထိန်းတောတန်းဖြစ်ပါသည်။ (Photo: Numtu Group)
၂၀၁၄ ဂျွန် ၆ ရက် နံနက် ၀၆.၂၂ နာရီအချိန်တွင် နမ္မတူမြို့ မန်စံ ရပ်ကွက် ၁ အထွက် နမ္မတူ - လားရှိုးလမ်းမ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအတွက် ကင်းစောင့်ပေး သူသုံးယောက်နှင့် အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းတို့ ရင်တိုက်ခိုက်မှု ဖြစ်ပွားကာ မူးယစ် ဆေးဝါးနှင့် ပတ်သက် ဆက်နွယ်သူ ၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် သေဆုံးဒဏ်ရာရသူတယောက်မျှမရှိကြောင်း အမည်မဖေါ်လိုသည့်ဒေသခံတဦးကပြောသည်။

“ကင်းစောင့်ပေးတဲ့သူက အစိုးရတပ်ကို အရင်ပစ်တာ။ ထွက်ပြေးလွှတ်မြောက်တဲ့သူလဲများတယ်။ ၇ ဦးဖမ်းမိတယ်။ ကျနော်တို့ နမ္မတူမြို့နယ်ထဲက ၃ ယောက်၊ နမ့်ဆန်မြို့ နယ်ဘက်က ၁ ယောက်၊ ကျပ်ငွေသန်းဂဏန်းလက်ဝယ်ရှိသူ တရုတ်အမျိုးသားတဦး၊ လာရင်းဒေသ မသိရသူ တဦးတို့ ဖမ်းမိတယ်။ သူတို့ဆီကနေလဲ မော်တော်ဆိုင်ကယ်၊ တူမီးသေနတ်၊ လေသေနတ်၊ ဒုတ်တွေ၊ ဓါးတွေအပြင်၊ ယာဘတွေ၊ ဘိန်းဖြူတွေ၊ အများကြီးဘဲဖမ်းမိတယ်” - ဟု ပြောသည်။

သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ - အဆိုပါဖမ်းဆီးရ မည့်သည့်သူ ၇ ဦး အနက် ရဲတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းတဦးလည်းပါဝင်သည်ဟုပြောသည်။

မန်စံ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် (ခေါ် ) ဦးဖိုးထောင်ကမူ - “ကျနော်ကိုယ်တိုင်သွား ကြည့်ခဲ့ ပါတယ်။ လေးယောက်ဖမ်းမိတယ်။ ယာဘတွေ၊ နံပါတ်ဖိုးတွေ ပါဖမ်းမိတယ်” - ဟု ပြောသည်။

မန်စံအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်က မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ၊ မှီဝဲသုံးစွဲသူ တရက်တခြားပေါများလာသည်နှင့်အမျှ၊ ရပ်ရွာအသက်အိုးအိမ်လုံခြုံရေးအတွက်လည်း အထူးစိုးရိမ် ရကြောင်း၊ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် မကြာခဏ ဝင်ရောက်ဖမ်းဆီးပေးသင့်ကြောင်း ဤကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့က အုပ်ချုပ်ရေးပိုင်းကမှန်ပေမယ့်လဲ။ ပူးပေါင်းအဖွဲ့အစည်းရှိမှဘဲ ကျနော်တို့က ဒီဟာတွေ ဖမ်းလို့ရမှာလေ။  ဒီတိုင်းလက်နက်မဲ့ကြီးနဲ့တော့ ဘာမှသွားလုပ်လို့မရဘူး။ ဒါကြောင့် တာဝန်ရှိအဖွဲ့ အစည်းတွေ၊ ပူးပေါင်းအဖွဲ့အစည်းတွေ ဒီလိုမကြာမကြာ ဖမ်းဆီးပေးစေချင်တာပေါ့ဗျာ။

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နမ့်စီလင်းချောင်းဦးရေထွက် တွင် မူးယစ်ဆေးဝါးများ တရား ဝင်ဈေးကဲ့သို့ရောင်းချနေကြောင်း၊ ကင်းစောင့်ပေးသူများ ရှိသကဲ့သို့ ဒုတ်များ၊ ဓါးများ၊ တူမီးသေနတ်၊ လေနတ်နှင့် အခြားသောလက်များလဲ ကိုင်ဆိုင်ထားကြောင်း၊ ဒေသခံများအတွက် ထိုဒေသဘက် ဖြတ်သန်းသွားလာအလုပ်လုပ်ကိုင်ရေးအတွက်ပင်ခက်ကြောင်း ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွန်းမှုလည်း မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်းဒေသခံများပြောပြချက်အရသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates