အများပိုင် ရပ်ကွက်ရုံး တရုတ်ကြီးလက်ထဲ ရောက်သွားပြီလား
သို့- သျှမ်းသံတော်ဆင့်
ကျနော် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြချင်တာလေးတစ်ခုပါ။ ကျနော်တို့ သျှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ် မြို့လေးမှာ သျှမ်း၊ ကရင်၊ လားဟူ၊ အာခါ၊ ဗမာ အစရှိသော တိုင်းရင်းသားများနှင့် စုစည်းနေထိုင်လျက်ရှိပြီး အေး ချမ်းသာယာသော မြို့လေးတစ်မြို့ပါ။ သို့သော်လည်း ထိုမြို့လေးနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ဆိုရင် နှစ်မြို့ တစ်မြို့လို့ ခေါ်ရလောက်အောင်ပင် နီးကပ်ပါသည်။
တာလော့ရပ်ကွက်ဆိုရင်ဖြင့် ထိုင်းနိုင်ငံမှ လာရောက်လည်ပတ်သော ဧည့်သည်များအား အဓိကထားကာ တရုတ် လူမျိုးအများစု ဈေးရောင်းသော အစည်ကားဆုံးသော ရပ်ကွက်လေပါ။ သို့သော် ယခုလက်ရှိ တာလော့ အုပ်ချုပ် ရေးမှူးဟာ မိမိအကျိုးစီးပွားအတွက် အများပြည်သူပိုင် ရပ်ကွက်အုပ်ချုပ်ရေးရုံးအား မိမိပိုင်အိမ်ယာသဖွယ် မည်သို့မှ မလုပ်အပ်သော ခေါင်းစဉ်ဖြင့် ဈေးကော်မတီရုံးဖွင့်၍ စီးပွားရှာကာ၊ ၎င်းရပ်ကွက်ရုံးအတွင်း၌လည်း ဈေး၌သုံးသော ခြင်းလွယ်နံပါတ်ပြားများဈေးခြင်းတောင်းများ၊ ဈေးကောင်တာများ စာရွက်ထုတ်၊ ဈေးကောက်ဘောင်ချာထုတ်များ ဖြင့် နေရာယူထားသောကြောင့် ကျနော်တို့ ရပ်ကွက်သားတွေဟာ ဧည့်စာရင်းတိုင်ရာ၌၎င်း၊ ထောက်ခံစာသွား ယူရာ၌၎င်း၊ ထိုင်ဖို့နေရာပင် အခက်အခဲဖြစ်နေပါတယ်။
မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့သည် တိုးတက်ပြောင်းလဲ လာသော်လည်း ကျနော်တို့ တာလော့ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည့် ထိုသူ အုပ်ချုပ်ရေးမှူး လက် ထက် တွင် တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အပြင် ပြိုပျက် ယိုယွင်းနေမြဲဖြစ်နေပါသည်။
ရပ်ကွက်ဖန်ငွေ အနေနဲ့လည်း ဧည့်စာရင်းတိုင်ကြားခ တစ်ယောက်လျှင် (၁၀)ရက်ကို ဘတ်(၁၀)၊ တစ်လလျှင် (၃၀)ဘတ်ကောက်ပါသည်။ ထောက်ခံစာ တစ်စောင်လျှင် အနည်းဆုံး တစ်ရာဘတ်ကောက်ခံပါသည်။ ရပ်ကွက် အတွင်း၌လည်း လုံခြုံရေးမီးကင်းကြေး ကောက်ခံရာတွင် (၁)လလျှင် ဘတ်ငွေနှစ်သောင်းငါးထောင် ရရှိကြောင်း သိရပါသည်။ ၎င်းကောက်ခံရရှိသော ငွေများကို မည်သို့သော နေရာများတွင် အသုံးချခြင်း လူမှုရေးဘာသာရေး ရပ်ရွာတိုးတက်ရေးများတွင်လည်း သုံးစွဲခြင်းမရှိပ ။
မည်သို့သော နေရာများတွင် သုံးစွဲသည်ကိုလည်း လစဉ်၎င်း၊ နှစ်စဉ်၎င်း ရပ်ကွက်သူ ရပ်ကွက်သားများ ရပ်မိရပ်ဖများ သက်ရာဆိုင်ရာ အဖွဲ့အစည်းများ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိသော ငွေစာရင်းရှင်းတမ်းမလုပ်သည်မှာ အစဉ်အလာလို ဖြစ်နေပါပြီ။ သို့ပါသောကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှူးကို ပြန်လည်စီစစ်ခန့်အပ်သင့်ပါသည်။
ခန့်အပ်ရာတွင်လည်း ပညာတတ် ဘွဲ့ရ တိုင်းရင်းသားများသာ အဓိကရွေးချယ် တင်မြှောက်သင့်ပါသည်။ ထိုမှသာ ရပ်ကွက်တိုးတက်သာယာမှ တိုင်းပြည်သာယာတိုးတက်မည်ဖြစ်ပါကြောင်း သက်ဆိုင်ရာ ဌာနများသို့ သျှမ်းသံတော်ဆင့်မှ တဆင့် အသိပေး တင်ပြလိုက်ရပါသည်။
မောင်မျိုးချစ်မောင်
Tags: Letter to Editor





