တရုတ် ဘက်ခြမ်းဟု သတ်မှတ် ခံထားရသည့် လယ်ယာ မြေများ တိုင်းထွာ ပေးရေး ဒေသခံများ တောင်းဆို



တရုတ် - မြန်မာ နယ်ခြား တိုင်းထွာ သတ်မှတ် ထားခြင်းခံရသော ဒေသခံများ၏ပိုင်ဆိုင်မြေများ တိုင်းထွာပေးရန် ရောက်ရှိလာသော  မြေစာရင်းအာဏာပိုင်များအား တရုတ်နိုင်ငံပိုင်ဟု ယာယီ သတ်မှတ်ခံထားရသည့် လယ်ယာမြေများ တိုင်းထွာပေးရန်ဒေသခံများတောင်းဆိုသော်လည်း အာဏာပိုင်များ လက်မခံ ကြောင်းဒေသခံများကပြောသည်။

တရုတ် - မြန်မာ နယ်ခြား တိုင်းထွာ သတ်မှတ် ထားသောငုတ်တိုင်

၂၀၁၄ ဂျွန် ၅ ရက်နေ့ နံနက်ပိုင်း၌ နမ့်ခမ်းမြို့နယ် မြေစာရင်းဌာနဆိုင်ရာများက မြေဂရန် ထုတ်ပေး ရန် ကုန်းဆာကျေးရွာဘက်ရောက်ရှိလာပြီး ရွာသားများပိုင်ဆိုင်သည့် လယ်ယာမြေများအားလုံး မြေများတိုင်းထွာ၍ မြေဂရန်ထုတ်ပေးမည်ဟုဆိုပါသည်။

သို့သော် တရုတ်နိုင်ငံနယ်နိမိတ်ဟု ယာယီ သတ်မှတ်ခံရသည့် လယ်ယာမြေများ တိုင်းထွာခွင့်မရှိ ၊ ယာယီစိုက်ထူထားသော နယ်ခြားမှတ်တိုင်၏ မြန်မာနိုင်ငံဘက်ခြမ်းတွင်သာ တိုင်းထွာ ဂရန် ထုတ်ပေး နိုင်မည်ဖြစ်ကြောင်း အာဏာပိုင်များပြောဆိုရာ  ဒေသခံ ရွာသားများက ၄င်းတို့ပိုင်မြေများအားလုံး မတိုင်းထွာပေးပါက   လက်မမခံနိုင်ကြောင်း ကုန်းဆာရွာသား တဦးကပြောသည်။

“မြေစာရင်းဌာနကတော့ အထက်က တိုင်းတာခိုင်းမှုကြောင့် လာတိုင်းရတာပါတဲ့၊ ဒါပေမယ့် တရုတ် နယ်ထဲပါသွားတဲ့ ကျနော်တို့မြေတွေကိုတော့ တိုင်းတာခွင့်မရှိဘူးလို့ပြောတယ်။   တရုတ်နယ်လို့ သတ်မှတ်ခံရထားရတဲ့ နယ်မြေတွေဟာ ကျနော်တို့ဘိုးဘွားပိုင်မြေတွေဘဲ။ အဲတာကို ပြန်ပြီး တိုင်းတာ ပေးစေချင်တယ် ”-ဟု လယ်ယာမြေဆုံးရှုံးသည့် ကုန်းဆာရွာသား စိုင်းသန်းမောင်က ပြောသည်။

သို့သော်အာဏာပိုင်များက နှစ်နိုင်ငံနယ်ခြားပြသနာသည် နေပြည်တော်နှင့်သာဆိုင်သဖြင့် မိမိတို့ တိုင်းထွာခွင့်မရှိကြောင်း နမ့်ခမ်းမြို့မြေစာရင်းမှ ဦးကျော်မင်းထွန်းက -

“တရုတ်ပိုင်မြေလို့ သတ်မှတ်ခံထားရတဲ့မြေတွေကို ကျနော်တို့ တိုင်းတာပေးပိုင်ခွင့်မရှိသလို တရုတ်ပိုင်မြေပါလို့လည်း ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အထက်ကဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ နှစ်နိုင်ငံနယ်ခြားပြဿနာဖြစ်နေလို့  အထက်နဲ့ဘဲ ဆိုင်ပါတယ်၊ ဒါ့ကြောင့် ဒီမြေတွေကိုတိုင်းပေး နိုင်မှာမဟုတ်ဘူး” ဟု  သျှမ်းသံတော်ဆင့်သို့ပြော သည်။

လယ်မြေဖြတ်တောက်တိုင်းထွာခံထားရသည့် နမ့်ခမ်းမြို့နယ် ခေးခွန်ရွာ၊ မန့်နောင်ရွာနှင့် ကုန်းဆာရွာမှ ဒေသခံရွာသားများကလည်း  မိမိဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စား သောက်လာသည့် လယ်ယာမြေများ  တရုတ်ပိုင်သည့်အပိုင်း သတ်မှတ်ခံထားရသည်ကို လက်မခံကြောင်း၊  သို့သော် မိမိတို့ သုံးရွာ သုံးရွာစလုံး (လူနေအိမ်ခြေအပါအဝင် လယ်ယာမြေများအားလုံး ) တရုတ်ပြည်ဘက် လွှဲအပ်ပေးမည်ဆိုပါက လက်ခံနိုင်ဖွယ်ရှိကြောင်း၊ ရွာသာထားပြီး လယ်ယာမြေများတရုတ်နိုင်ငံဘက် လွှဲအပ်ပေးမည့်အစီအစဉ် လုံးဝ လက်မခံနိုင်ကြောင်းပြောသည်။

နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက -``ကျနော်တို့က ဒါကို ဆုံးရှုံးတယ်လို့ မပြောနိုင်ပါဘူး၊ နယ်နိမိတ်လဲ အရင်ကတည်းက သတ်မှတ်ပြီးသား ရှိတယ်လေ။ နှစ်နိုင်ငံကတာဝန်ရှိတဲ့သူတွေ ကျနော်တို့ဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ကိုယ်တိုင် ဦးဆောင်ပြီး နှစ်ဘက်တိုင်းထွာတာ၊ ယာယီ သတ်မှတ်တာဘဲရှိသေးတယ်။ အတည်မပြုသေးပါဘူး။ အဆင့်ဆင့်တင်ပြီးတော့မှ ဆုံးဖြတ်မှာပါအဲဒါက။ အခုက ယာယီငုတ် ရိုက်သွား တာဘဲရှိပါသေး တယ်´´ပြောသည်။

မေလ နှောင်းပိုင်းက တရုတ်-မြန်မာ နယ်နိမိတ်တိုင်းတာရေးကြောင့် ဒေသခံများ၏ လယ်ယာမြေ (မန့်နောင်ရွာ ဧက ၃၀ ကျော်၊ ကုန်းဆာရွာ ဧက ရ၀ ကျော်၊ ခေးခွန်ရွာ ဧက ၃၀ ကျော် ) စုစုပေါင်း ဧက ၁၀၀ ကျော်အား တရုတ်နိုင်ငံပိုင်အဖြစ် လွှဲအပ်ပေးခံရဖွယ်ရှိသောကြောင့် ကန့်ကွက်သည့်အနေဖြင့် ဒေသခံထောင်ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ ဂျွန်လ ၄ ရက်နေ့ ရက်စွဲဖြင့် နေပြည်တော် ပြည်ထောင်စုသမ္မတနိုင်ငံတော်ရုံး သို့ ပို့ဆောင်ခဲ့သည် ဟု လည်း ဦးဆောင်ပါဝင်သူ လူငယ်အိုက်ယွတ်ခမ်းကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates