မြေတိုင်းဦးစီးဌာန တရားမျှတစေလို



သို့

သျှမ်းသံတော်ဆင့် အယ်ဒီတာ ခင်ဗျာ

ခရိုင်၊ မြို့နယ်၊ မြို့ အဆင့်ဆင့်က မြေတိုင်းဦးစီးဌာနတွေဟာ လယ်ယာမြေအကြောင်း ရွာသူရွာသားတွေ မသိနားမလည်တာကို အခွင့်ကောင်းယူပြီး မြေကွက်တွေကို ရောင်းချနေပါတယ်။ အကြောင်းမှာ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့မြောက်ဘက် ပင်လုံ−လဲချားကားလမ်း ဘေးဝဲယာကမြေတွေကို မြေလွတ်မြေရိုင်းဆိုပြီး အကွက်ရိုက်တိုင်းတာပြီး ရုံးဝန်ထမ်းတွေကို နေရာချပေးပါတယ်။ ကျန်မြေကွက်တွေကိုတော့ ရောင်းချနေပါတယ်။ တကယ် တော့ ဒီမြေကွက်တွေဟာ မြေလွတ်မြေရိုင်းအားလုံး မဟုတ်ပါဘူး။ ပိုင်ရှင်တွေရှိပါတယ်။ ကိုယ့်မြေ တွေ ရောင်းစားခံလိုက်ရပြီလို့ မြေပိုင်ရှင်တွေသိတော့ အာဏာပိုင်၊ မြေပိုင်ရှင်နဲ့ မြေဝယ်လိုက်တဲ့ သူတွေကြား ပြဿနာဖြစ်တော့တာပါဘဲ။

အဲဒီလိုပါဘဲ… ပင်လုံမြို့မြောက်ဘက် ဝမ့်မိုင်ဘုန်းကြီးကျောင်းရဲ့ မြောက်ဘက်မှာရှိတဲ့ ခြံပိုင်ရှင်(၂၇)ဦးက ပိုင်ဆိုင်တဲ့ ဧက ၅၈ နီးပါးကျယ်ဝန်းတဲ့ မြေတွေကို ဟဲနန်းကျေးရွာ ဥက္ကဋ္ဌ ဦးခွန်အောင်ဝင်း(သေဆုံး)ကို ၂၀၀၈ ခုနှစ်ကတည်းက ခြံပိုင်ရှင်တွေ မသိဘဲ သိမ်းယူခဲ့ပါတယ်။ မြေတိုင်းဦးစီးဌာနက သူ့ကို ပုံစံ ၁၀၅ မြေဂရမ် ထုတ်ပေးခဲ့ပါတယ်။ ဒီအကြောင်းကို ခြံပိုင်ရှင်တွေ သိသွားတော့ ပြဿနာတက်တော့တာဘဲ။ ခြံပိုင်ရှင်တွေကလည်း ပြန်တောင်းကြတယ်။ အထက်ကို စာတင်တာလည်း အကြိမ်ကြိမ်ပါဘဲ။ တာဝန်ရှိတဲ့သူတွေကတော့ ဝတ်ကျေတန်းကျေ ခြံပိုင်ရှင်တွေ ကို လာရောက်မေးမြန်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဦးခွန်အောင်ဝင်း သေဆုံးသွားပေမဲ့ အခုထိ ခြံပိုင်ရှင်တွေ မြေပြန်မရသေးပါဘူး။

ကျနော်တို့ဒေသမှာ ပုံစံ ၁၀၅ မြေဂရမ်ရှိတာ မရှိသလောက် ရှားပါတယ်။ မြေတိုင်းဦးစီးဌာန က မြေဂရမ်လုပ်ပေးမယ်ဆိုပြီး ရွာသူရွာသားတွေကို လိမ်လည်တော့တာပါဘဲ။ ဥပမာ − မြေ ၅ ဧက ရှိတဲ့ ရွာသားတယောက်ကို ၂ ဧက ၃ ဧကလောက် မြေဂရမ်လုပ်ပေးပြီး ကျန်တဲ့ဧကကို ရောင်းချ တော့တာပါဘဲ။ ရွာသားတွေမှာဖြင့် ဒီမြေကွက်လေးနဲ့ လုပ်ကိုင်စားသောက်နေကြရတာပါ။

ကိုယ့်အပေါ် သူများက မျှမျှတတမလုပ်ရင် အနိုင်ကျင့်နှိပ်ကွပ်ရင် ကိုယ်မကြိုက်သလို တခြားသောသူကလည်း ကိုယ့်လိုပါဘဲ။ “ငါတို့ခေတ် ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်” ဆိုတဲ့စိတ် ကို မမွေးတာ အကောင်းဆုံးပါဘဲ။ စာနစိတ်လေးတော့ ထားသင့်ပါတယ်။ သူများအပေါ် မကောင်း တာလုပ်ရင် ကိုယ်လည်း တနေ့နေ့တော့ ပြန်ခံရမှာဘဲ။ အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှု တော့ ရှိစမြဲ။

ဒါကြောင့် ခရိုင်၊ မြို့နယ်၊ မြို့ အဆင့်ဆင့်က မြေတိုင်းဦးစီးဌာနက တာဝန်ရှိတဲ့သူတွေ၊ အာဏာပိုင်တွေ မျှမျှတတ ဖြစ်စေချင်ပါတယ်။ ဒီလယ်ယာမြေပြဿနာကို ပြည်နယ်အစိုးရအဖွဲ့က သိရှိပြီး လယ်ယာခြံမြေတွေ ပိုင်ရှင်လက်ထဲ မြန်မြန်ဆန်ဆန် ပြန်ရောက်ဖို့ ကွင်းဆင်းလေ့လာပြီး အလေးထား ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။

၂၂/၇/၂၀၁၄
ပင်လုံရပ်မိရပ်ဖတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates