တောင်ကြီးမြို့တွင် မြေသိမ်းခံတောင်သူ ၂၀၀ ကျော်ဆန္ဒပြ



သျှမ်းပြည်တောင်ပိုင်း မြေသိမ်းခံတောင်သူလယ်သမားများက တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရ.ပ.ခ)၊ သျှမ်းပြည်နယ်အစိုးရရုံးနှင့် သျှမ်းပြည်နယ်လွှတ်တော် ရုံးတို့တွင် အိတ်ဖွင့်ပေးစာ ပေးအပ်၍ ဆန္ဒထုတ်ဖော် သွားကြောင်းသိရှိရသည်။

 တောင်ကြီးမြို့တွင်  လယ်ယာမြေအသိမ်းခံရလယ်သမားများ ဆန္ဒဖော်ထုတ်နေကြစဉ်

တောင်ကြီးမြို့နယ် ၊အေးသာယာစက်မှုဇုန်၊ ညောင်ရွှေ ၊ စင့်ဟယ်၊ ရေပူရွာ၊ ကျောက်နီ၊ တောင်လေးလုံး မှလယ်ယာမြေအသိမ်းခံရ တောင်သူလယ်သမား ၂၀၀ ကျော်က  “ အာဏာပိုင်များရိုးသားပါ၊ မလိုအပ်ပဲသိမ်းဆည်းထား သောမြေများပြန်ပေး၊ တို့အိမ်များ ဖျက်ဆီးဖို့ မကြံနဲ့၊ မူလစက်မှုဇုန်ကိုစီမံချက်အင်္ဂါရပ်နဲ့အညီဆောင်ရွက်ပေး၊ တို့မြေတွေကိုမတရား မသိမ်းနဲ့၊ တို့လယ်ယာမြေများမတရားမရောင်းစားနဲ့” စသည့်စာတန်းပါဆိုင်းဘုတ်များ ကိုင်ဆောင်ကာ  ဂျူလိုင်လ ၁ ရက် ယနေ့မနက်ပိုင်းက စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။

 တောင်ကြီးမြို့တွင်  လယ်ယာမြေအသိမ်းခံရလယ်သမားများ ဆန္ဒဖော်ထုတ်နေကြစဉ်

“ကျမ ရဲ့ မြေကို  ရ.ပ.ခ  စစ်တပ်က သိမ်းတယ်။ ပြီးတော့မြေစာရင်းကသိမ်းတယ်။ ပြီးတော့ ကုမ္ပဏီတွေဆီပြန်ရောင်းစားတယ် ။ ကျမတို့ခြံမြေတွေကိုပြန်လိုချင်လို့ ကလေးတစ်ဖက်နဲ့ ဆန္ဒလာပြနေရတာပါ” ဟု   ပြောင်းဖူး၊ ပဲစင်းငုံ  တောင်သူလယ်သမ တစ်ဦးမှ ပြောသည်။

မြေသိမ်းခံရသောတောင်သူတချို့ ကလည်း အသိမ်းခံရ မိမိတို့လယ်မြေကို ပြန်လည်ငှားရမ်းပြီး စိုက်ပျိုးနေရကြောင်း၊ မြေသိမ်းယူသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအား  တစ်ဧက လျင် စပါး၊ပဲ၊ပြောင်း ခြံထွက်သီးနှံ  ၁၄  တင်းပေးဆောင်ရကြောင်း လယ်သမားတဦးကလည်းပြောပြသည်။

မြေလျော်ကြေးပေးမည်ဆိုပါက ပြန်ရချင်ကြောင်းအဆိုပါ တောင်သူလယ်သမက သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောပါသည်။

  “ ၁၉၉၀ ခုနှစ် နောက်ပိုင်းကစပြီး ခုချိန်အထိ မပြောရင် မပြောသလို အလကားပဲတင်းနဲ့ သိမ်းနေတာပဲ ။ လျော်ကြေးပေးမယ်ဆိုရင်တော့လိုချင်တာပေါ့ ၊ အခုအခြေအနေက လျော်ကြေးမပေးတဲ့ အပြင် ကျန်ရှိတဲ့ လယ်တွေကို တောင်လိုက်သိမ်းနေတယ်”

 သို့သော် သမတကြီး၏ မိန့်ကြားချက်အရ  တတိုင်းပြည်လုံးရှိ  တပ်မတော်မှ သိမ်းပိုက်ထားသော လယ်ယာမြေများအား လယ်ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဟု  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နှစ် အတွင်းက မိန့်ခွန်းတရပ်တွင်ပြောဆိုခဲ့ဖူးပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates