တရုတ်နိုင်ငံတွင်မတရားဖမ်းဆီးခံရသူများအား တရုတ်ရဲတပ်ဖွဲ့ကပြန်လွှတ်ပေး



တရုတ်နိုင်ငံအတွင်း အဖမ်းခံရသူများအား  တရုတ်ရဲတပ်ဖွဲ့က  တရုတ်- မြန်မာနယ်စပ် ကုန်သွယ် ရေးမြို့ဖြစ်သော ဂျယ်ဂေါင်မြို့ နန်းတော်ပေါက်(အလယ်ပေါက်)မှတဆင့် မူစယ်ခရိုင်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းလွှတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

အဖမ်းခံရ မြန်မာဘက်ခြမ်းကလူများအား တရုတ်ရဲတပ်ဖွဲ့က မူစယ်ခရိုင်ရဲထံ ပြန်အပ်ပေးစဉ်
တရုတ်ရဲတပ်ဖွဲ့မှ လွှတ်ပေးခဲ့သူမှာ  ၁၅  ယောက်ခန့်ရှိကြောင်း၊သို့သော် နမ့်ခမ်းမြို့ခံတစ်ဦးမျှမပါဝင်ကြောင်း ကိုယ်တိုင် မြင် တွေ့ရသူ နမ့်ခမ်းမြို့ဒေသခံ စိုင်းအိုက်သန်း ကဆိုသည်။

“မနေ့က ညနေ ၄:၁၅ နာရီမှာ တရုတ်ရဲတွေကနေ  ဂျယ်ဂေါင်နန်းတော်ပေါက်ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွှဲပေး တယ်၊ ကျနော်တို့ နမ့်ခမ်းဘက်ကလူတော့ တစ်ယောက်မှပါမလာဘူး ၊ ဗမာလူမျိုးများတယ်၊ ကျနော်ဖုန်းနဲ့ ဓါတ်ပုံ ရိုက်နေတဲ့အချိန်မှာလဲ တရုတ်ရဲတစ်ယောက်က  ဓါတ်ပုံမရိုက်ဖို့ တရုတ်ဘာသာစကားနဲ့ ကျနော့်ကို တားမြစ်ဆဲဆိုကြိမ်း မောင်းသေးတယ် ”  ဟု ၄င်းက သျှမ်းသံတော်အားပြောသည်။

တရုတ်နိုင်ငံ၌ မတရားဖမ်းဆီးခံရသူများမှာ နမ့်ခမ်းမြို့ဒေသခံ အယောက် ၃၀ ထက်မနဲ ရှိကြောင်း ၊ ယခုတရုတ်ဘက် က လွှတ်ပေးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် (ဧပြီလလောက်က) လွှတ်ပေးမှုမှာ နမ့်ခမ်းမြို့ ဒေသခံ  ၅  ဦးခန့်သာ လွှတ်မြောက်လာကြောင်း နမ့်ခမ်းမြို့ (SNLD) ကျားခေါင်းပါတီ  အလုပ်အမှုဆောင်တစ်ဦးက ဆို သည်။

 “ လွန်ခဲ့တဲ့ ၂ လ လောက်က တစ်ကြိမ်ပြန်လွှတ်ပေးတယ် ၊ပြန်လွှတ်လာတဲ့လူတွေထဲ တချိုက တရုတ် ထောင်ထဲမှာ နေတုန်းက  နေ့တိုင်းအရိုက်ခံရလို့ အခု စိတ်ရောဂါဝေဒနာ ခံစားနေရတယ် လို့ ကျနော် တို့ကြားတယ် ၊ ဒါပေမဲ့ပြန် လည် လွှတ်မြောက်လာသူတွေရဲ့ နာမည်စာရင်းတိတိကျကျတော့ ကျနော် တို့ရုံးမှာ မရောက်လာသေးဘူး ”  ဟု ၄င်းကဆိုသည်။

ပြန်လည်လွှတ်မြောက်ခြင်းမရှိသေးသည့် အဖမ်းခံရ နမ့်ခမ်းမြို့ခံများ၏ အမည်စာရင်း၊ နေရပ် လိပ်စာအပြည့်အစုံကို  မြို့နယ်အုပ်ချုပ်ရေးရုံးထံ အမြန်ဆုံးပို့ပေးကြစေရန် သျှမ်းပြည်ဝန်ကြီးချုပ်မှ မိန့်မှာထားကြောင်း ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်သော အစည်းအဝေးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက  ပြောဆိုလိုက်ကြောင်း အုပ်ချုပ် ရေးအထောက်အကူပြုအဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း ကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates