တာချီလိတ်ခရိုင်က ရွှေတူးဖော်ခြင်းရပ်ဆိုင်းရန် လယ်သမားများကွန်ယက် တောင်ကြီးတက်တောင်းဆို



မိုင်းလင်းအုပ်စုသားများအားထိခိုက်နစ်နာမှုဖြစ်စေသည့် ရွှေတူးဖော်ရေးလုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်း ပေးရန်နှင့်ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်လျော်ပေးရန် တောင်းဆိုခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို တောင်ကြီးမြို့ CLASSIC စားသောက်ဆိုင်တွင် တောင်သူလယ်သမားများ ကွန်ယက်က ပြုလုပ်ခဲ့ပါ သည်။ 

ရွှေတူးဖော်ရေးလုပ်ငန်းခွင်
More Photos  << Click Here >>

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲအရှေ့ဘက် မိုင်းလင်းအနောက်အုပ်စု လွယ်ခမ်း တောင်ကြောတွင် ကုမ္ပဏီပေါင်း ၁၀ ကျော်ကရွှေတူးဖော်လျှက်ရှိသဖြင့် ဒေသခံလူထု အများအပြားက အခက်အခဲပေါင်း မြောက်များ စွာရင်ဆိုင်နေခဲ့ရကြောင်း ဒေသခံတဦးကပြောသည်။

“ရွှေတူးဖော်မှုကြောင့် စိမ်းလန်းစိုပြေတဲ့ သစ်တောတွေပျက်စီးတယ်။ လွယ်ခမ်းတောင်ကြောမှာ ဧရိယာ ၁၁ မိုင်ပတ်လည်က ရွှေကြောရှာပြီး တူးဖော်နေကြတာ ရွှေစစ်တဲ့အဆိပ်ရေတွေက ဒေသခံတွေရဲ့ လယ်ယာ မြေ တွေထဲ မြစ်ချောင်းအင်းအိုင် တွေထဲ ၀င်ရောက်လာတယ်။ အနောက်မိုင်းလင်းအုပ်စုက ဝိန်းမနော် ကျေးရွာနဲ့ နားဟိုင်း လုံကျေးရွာက ဒေသခံ ၃၄၀ ကျော် မှီခိုအားထားရတဲ့ အသက်မွေးဝမ်းကျောင်းဖို့ စိုက်ပျိုးရေး လယ် ယာ မြေတွေ ပျက်စီးရတယ်။ နမ့်ခမ်းချောင်း ခန်း ခြောက် ပျက်စီးကုန်တယ်။ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလို့ မရဘူး။ ဆန်စပါးတွေစိုက်လို့လုံးဝမရတော့ဘူး။ မွေးမြူရေး တိရိစ္ဆာန်တွေ အဆိပ်ရည်သောက်မိလို့ သေကုန် တယ်။ ရွာသားတွေ အရေပြားယားယံနာကျင်မှုတွေဖြစ်တယ် ။ ဒါတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေး မရပါ ဘူး ” - ဟု နားဟိုင်းလုံရွာသား စိုင်းတွန်က ပြောသည်။

ရွှေတူးဖော်ရေးစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုခံနေရသော ဒေသခံလူထုတို့ကဒေသတွင်း တာဝန်ရှိပုဂ္ဂိုလ်များထံ အကြိမ် ကြိမ်စာရေးတောင်းဆိုခဲ့သည်။ ဧပြီလလယ်က ရွှေတူးဖော်မှုရပ်ဆိုင်းရန် သျှမ်းပြည်နယ်အစိုးရက ဆင့်ဆိုညွှန်ကြားခဲ့ သော် လည်း ကုမ္ပဏီများကရပ်တန့်မှုမရှိသည်သာမက စိုင်းတစ်ကုမ္ပဏီနှင့် လွယ်ခမ်းလုံကုမ္ပဏီ တို့ကဒေသခံများအား တောင်းဆို မှုများ ပြန်လည်ရုပ်သိမ်းပေးရန် အကြိမ်ကြိမ်လာရောက်ဖိအားပေးခဲ့သည် ဟုလည်း နားဟိုင်းလုံရွာသားများက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။

တက်ရောက်နားထောင် သတင်းယူသူ ၃၀ ကျော်ရှိသော အဆိုပါသတင်းစာရှင်းလင်းပွဲမှ လယ်သမားများ ကွန်ယက် က ကုမ္ပဏီများအား- မိုင်းလင်းရှိရွှေတူး ဖော်ရေးလုပ်ငန်းများ ချက်ချင်းရပ်ဆိုင်းရန်၊ ရွှေတူးဖော်မှုကြောင့် ပျက်စီး သွားသော ချောင်းရေမြောင်းရေများနှင့် လယ်ယာမြေများအားလုံးကို နဂိုမူလအတိုင်း ပြန်လည် ပြုပြင်ပေးရန်၊ ရွှေတူးဖော်မှုကြောင့် နစ်နာရသည့် ဒေသခံ ရွာသူရွာသားများ၏ ဆုံးရှုံးမှုအားလုံး သက်ဆိုင်ရာ ကုမ္ပဏီများမှ လျော်ကြေး ပြန်ပေးရန် စသည်တို့ကိုတောင်းဆိုခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates