ပင်လုံမြို့ရှိ ဌာနဆိုင်ရာ ရုံးများ လွိုင်လင်သို့ ပြောင်းရွှေ့ရဖွယ်ရှိ



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နယ်ခွဲရှိ ဌာနဆိုင်ရာ ရုံးများကို လွိုင်လင်မြို့သို့ ပြောင်းရွှေ့ရဖွယ်ရှိ သည်ဟု ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။



ပင်လုံသည် မြို့နယ်ခွဲအဆင့်ရှိသော်လည်း မြို့နယ်ခွဲအဆင့်ရုပ်သိမ်းထားသည် ဆိုသည့်သတင်းကြောင့် အထက် ညွှန်ကြားချက်အရ   အစိုးရရုံးများအားလုံးလည်း လွိုင်လင်သို့  ပြောင်းရွှေ့ရုံးစိုက်မည် ဟုဆိုသည့်သတင်းလည်း ပြိုင်တူထွက်ပေါ်လာခြင်းဖြစ်သည်။

လွိုင်လင်မြို့သို့ ပြောင်းရွှေ့မည့်ရုံးများမှာ လ.၀.က ရုံး ၊ စိုက်ပျိုးရေးရုံး ၊ တိုင်းရင်းဆေးပေးခန်း ၊ မြေစာရင်း ရုံး ၊ ပြန်/ဆက်ရုံး များဖြစ်ကြောင်းသိရသည်။

"  လောလောဆယ်တော့ ဘယ်နေ့ ပြောင်းရမယ်ဆိုတာ  ညွှန်ကြားချက်မလာသေးဘူး။ " ဟု  ရပ်ကွက် (၄ ) အုပ်ချုပ်ရေးမှူး  စိုင်းရွက်တိုင်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မြန်မာတနိုင်ငံလုံးတွင် မြို့နယ်ခွဲပေါင်း ၁၀၀ ကျော်ရှိသည့်အနက် ၁၀ မြို့နယ်ခွဲက မြို့နယ်အဆင့် တိုးမြင့်သတ်မှတ်လိုက် ပြီး  ကျန်ရှိ မြို့နယ်ခွဲ အားလုံးကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးပိုင်း နှင့် နီးစပ်သူတဦးကပြောပြသည်။

မြို့နယ်ခွဲများအား မြို့နယ်အဆင့် တိုးမြင့်သတ်မှတ်ရန်စီစစ်နေဖြင်းဖြစ်နိုင်ပြီး၊  မြို့နယ်အဆင့် တိုးမြှင့်ပေးမည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း အုပ်ချုပ်ရေးရုံး အသိုင်းအဝိုင်း က ပြောပါသည်။

ပင်လုံမြို့နယ်ခွဲတွင်  အစိုးရရုံးပေါင်း ၁၂ ရုံးရှိရာ  ၅ ရုံးမှာ လွိုင်လင်မြို့နယ်သို့ ပြောင်းရွှေ့ထားရှိ  မည်ဖြစ်ပြီး
ယခုလက်ရှိ ပင်လုံတွင် အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေးရုံး၊ လျှပ်စစ်ရုံး၊ စည်ပင်ရုံးများ  သာထားရှိမည်ဟု သတင်းရရှိပါသည်။

ပင်လုံမြို့သည် တောင်ကြီး အရှေ့ဘက် မိုင် ၆၀ ကျော်ရှိပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ချက်ကြွေရာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်မြို့ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates