ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ တောင်ကြီးရှိ တိုင်းရင်းသားပါတီ/အဖွဲ့များနှင့်တွေ့ဆုံ



ဂျူလိုင် ၂၄ ရက် နံနက် ၈ နာရီက တောင်ကြီးရှိနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့ရုံး ကိုယ်စား လှယ်များအား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းဦးဆောင်သော MPC အဖွဲ့က ချယ်ရီကွင်းဟော်တယ် ၌တွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များအား ရှင်းပြခဲ့သည်ဟုသိရပါသည်။




ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ဥက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တို့မှရှင်းပြသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ MPC လုပ်ငန်းစဉ်များ အကြောင်းအား တက်ရောက်နားထောင်သည့် အဖွဲ့များမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် SNLD ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီတို့ပါဝင်ပါသည်။

“ဝန်ကြီး ဦးအောင်မင်းက သူတို့ MPC ရုံးက လုပ်နေတဲ့ဟာတွေ၊ နောက်ပြီးအပစ်ရပ်ရေးအခြေအနေ တွေ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာရှင်းပြတယ်။ အဓိက ကတော့ လိုင်ဇာ ဆွေးနွေးပွဲပြီးရင် ဒီနှစ် မကုန် ခင် တတိုင်းပြည်လုံး အပစ်ရပ်နိုင်မယ်။ ပြီးရင်လာမယ့် ၂၀၁၅ မှာ အားလုံးမျှော်မှန်းတဲ့ နိုင်ငံ ရေးဆွေးနွေးပွဲလုပ်မယ် စတာတွေပြောပါတယ်” - ဟု တက်ရောက်သည့် လူငယ် စိုင်းခွန်ပြောသည်။

“တဘက်က ငြိမ်းချမ်းရေးလုပ်နေတယ်။ တဘက်ကလဲ တိုက်ပွဲတွေ ထပ်ဖြစ်နေတာတော့မဖြစ်သင့်ဘူး။ ဦးအောင်မင်းတို့ကိုမေးကြည့်ပါတယ်။ အောက်ခြေတပ်တွေက ဘဲဖြစ်တာပေါ့။ လက်တွေ့ စစ်မြေ ပြင်မှာ တော့ စစ်ဆင်ရေးကြီး ပြင်ဆင်နေတာတော့ မဟုတ်သေးဘူး။ ဒါက တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးမှာ အရမ်းထိခိုက်စေတယ်” - ဟု ချယ်ရီကွင်းဟော်တယ်တွင် ပါဝင်တက်ရောက်သည့် တောင်ကြီးမြို့ SNLD ပါတီ ဥက္ကဌ စဝ်ခမ်းပိုင်ဖှ ကပြောသည်။

ဂျူလိုင် ၂၀ ရက်နေ့ နေပြည်တော် လွတ်တော်ရုံးတက် တိုင်းရင်းသားအမတ်များ နှင့် ပါတီကြီးများမှ အချို့အမတ်မင်းများအားဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်အားဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့မှရှင်းပြ ခဲ့ပါသေးသည်။ ထိုစဉ် ဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များသည် နိုင်ငံရေးအမှန်တကယ်ဆွေးနွေးလိုလျှင် လက်နက်စွန့် ပါတီထောင်ကာ လွှတ်တော်အတွင်း နိုင်ငံရေး လိုလားချက်များ တောင်းဆိုရမည်ဟု ပြောကြောင်း တက်ရောက်နားထောင်သည့် အမတ်မင်းတဦးက ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates