သျှမ်းလူငယ်ကွန်ယက်အဖွဲ့ တော်လှန်ရေး သမိုင်းဝင် လွယ်ခေးတောင်သို့ တက်ရောက်လေ့လာ



သျှမ်းလူငယ်ကွန်ယက်အဖွဲ့ Tai Youth Network  က သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ မိန်းခေးအုပ်စုမှ ပေ ခြောက်ထောင် ကျော်မြင့်သော လွယ်ခေးတောင်ထိပ်သို့ ယနေ့ မနက်ပိုင်းက ခြေကျင်ဖြင့်တက်ရောက် ကြကြောင်း သိရပါသည်။

 ဖေဖော်ဝါရီလက သျှမ်းလူငယ်ကွန်ယက်အဖွဲ့တက်ရောက်နိုင်ခဲ့သော ပေ ၈၀၀၀ ကျော်ရှိ အမြင့်ဆုံး လွယ်လိန်းတောင်ထိပ်မှ အမှတ်တရဓါတ်ပုံ  
လွယ်ခေးတောင်သည် သျှမ်းပြည်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ငန်း စတင်ခဲ့သည့် သမိုင်းဝင် နေရာတခုဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအတွက် လှုပ်ရှားခဲ့သူများ ရင်ဆိုင်ခဲ့ရ သည့်အခက် အခဲများကို ခံစား နားလည်စေရန်အတွက်လည်း ရည်ရွယ်ကြောင်း အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိန်း ကပြောပါသည်။

“အဓိကကတော့ လူငယ်တွေစည်းလုံးညီညွတ်အောင်ပေါ့ဗျာ။ နောက်ပြီး ကနေ့ခေတ်လူငယ်တွေက နိုင်ငံရေးနဲ့ အလှမ်း ဝေးကင်းကွာနေတယ်လေ။ ကျနော်တို့ အမျိုးသားလွတ်မြောက်အရေးအတွက် အသက်သွေးချွေး ပေးဆပ်သွားတဲ့ တော် လှန်ရေး ခေါင်းဆောင်ကြီးတွေ ပုဂ္ဂိုလ်တွေ ဘယ်လောက်အထိ အခက်အခဲရင်ဆိုင်ခဲ့ရသလဲဆိုတာကို  လူငယ်တွေ ခံစား သိရှိနားလည်တတ်အောင်နဲ့ အဲဒီပုဂ္ဂိုလ်တွေရဲ့ကျေးဇူးတရားတွေကို အောင့်မေ့ရအောင် ဂျူလိုင်လ မိုးတွင်းကာလမှာ တောင်တက်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ အဲဒီတောင်က ၆၆၇၂ ပေမြင့်ပါတယ်” ဟု စိုင်းဆိုင်မိန်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း  သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူစယ်၊နမ့်ခမ်း၊ မိုင်းရယ်၊ ပြင်ဦးလွင် တို့မှလူငယ် ၂၀၀ ခန့် လွယ်ခေးတောင်တက်ကြကြောင်း၊ ဂျူလိုင်လ ၇ ရက် မွန်းတည့်ချိန် တောင်ထိပ်သို့ရောက်ရှိပြီး သျှမ်းပြည်နယ်အလံစိုက်ထူ ကာ တော်လှန်ရေးခရီး အသက်သွေးချွေးပေးလှူခဲ့သော အာဇာနည်ပုဂ္ဂိုလ်များအား အောင့်မေ့သတိရခြင်း၊တောစောင့်နတ် တောင်စောင့်နတ်များအား ကုသိုလ်များပေးဝေခြင်း ၊ ထိုနောက်ပိုင်း မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့်ဟောပြောမှုရှိခဲ့ပြီး နေ့လည်စာ လက်ဆုံစားသောက်ကြကြောင်း၊ တောင်ထိပ်၌ ရေမြေသဘာဝအကြောင်း လေ့လာကာ ညနေပိုင်းတွင် တောင် အောက်သို့ ပြန်ဆင်းကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

“ မိန်းခေးမှာ တညအိပ်မယ်။ ၈ ရက်နေ့မနက်ဖြန်မှာ လမ်းခွဲပြီးနေရပ်အသီးသီးပြန်ကြမယ့်အစီအစဉ်ရှိပါတယ်။ ဒီတောင် တက်ဖို့အတွက်မိန်းခေးဒေသခံတွေက ကူညီဆောင်ရွက်ပေးမယ်လို့ကမ်းလှမ်းလို့ပါ။ သျှမ်းပြည်ထဲက တခြားသော  အမြင့် ဆုံး တောင်တွေကိုလည်း စုပေါင်းတက်ဖို့ အစီအစဉ်ရှိပါမယ်။” - ဟု ခရီးစဉ်၌ လိုက်ပါသူ စိုင်းစိုင်းက ပြောသည်။

သျှမ်းလူငယ်ကွန်ယက်အဖွဲ့မှ တောင်တက်အဖွဲ့၏ရည်ရွယ်ချက် ၆ ရပ်မှာ - မိမိဒေသသျှမ်းပြည် သဘာဝအလှကို တန်ဖိုး ထားမြတ်နိုးတတ်ရန်၊   အကျင့်စာရိတ္တကောင်းမွန်သော လူငယ်မောင်မယ်များဖြစ် ပေါ်လာ စေရန်၊ မူးယစ် ဆေးဝါး အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးလှုပ်ရှားမှုကိုစိတ်ဝင်စားလာစေရန်  ၊ လက်တွေ့ဘဝ သဘာဝကို လေ့လာ ရင်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် တစ်ဦးပေါ်တစ်ဦး ကူညီစောင့်ရှောက် တတ်ရန်၊ ဒေသခံများ၏ နေထိုင်စားသောက်မှုဘဝကို လေ့လာရန်နှင့် မိမိအမျိုးသားရေးကို ချစ်ခင်မြတ်နိုးတတ်ရန်၊ မိမိတို့၏ သျှမ်းပြည်နယ်အား ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်း သာယာလှ ပလာအောင် ကူညီဆောင်ရွက်တတ်ရန် တို့ဖြစ်သည်။

“ ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်း အရှေ့ပိုင်း လူငယ်တွေရယ်လို့တော့ မခွဲခြားပါဘူး။ နောက်နောင် တွေမှာ တခြားဒေသက သျှမ်းလူငယ်တွေပါဝင်လာနိုင်အောင် ကျနော်တို့ ကြိုးစားဆက်သွယ်သွားပါမယ်”  ဟု စိုင်းဆိုင်မိန်းက ပြောပါသည်။

သျှမ်းလူငယ်များကွန်ယက် Tai Youth Network သည် ယခုနှစ်ဆန်း ဖေဖော်ဝါရီလ ၇ ရက် ကလည်း သျှမ်းပြည်နယ်အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ်တွင်းရှိ သျှမ်းပြည်၏အမြှင့်ဆုံးတောင်ထိပ်ဖြစ်သည့် ပေ ၈၇၈၀  ရှိ  လွယ်လိန်း တောင်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates