စစ်ဘေးရှောင်ဒေသခံများအား ကြံ့/ဖွံ့ ၊ ကျားဖြူ နှင့် ကျားခေါင်းပါတီဝင်များ သွားရောက်ကူညီ



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်များ အင်အားဖြည့် လှုပ်ရှားသောကြောင့် စစ်ဘေးရှောင်နေသည့် ကျေးသီးမြို့နယ် ဝမ့်ဝပ်ဒေသခံများအား ကျေးသီးမြို့အခြေစိုက် ကြံ့/ဖွံ့ပါတီ (USDP)၊ ကျားဖြူ(SNDP) နှင့် ကျားခေါင်း (SNLD) ပါတီဝင်များ သွားရောက်ကူညီကြသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များအား ကြံ့/ဖွံ့ ၊ ကျားဖြူ နှင့် ကျားခေါင်းပါတီဝင်များ သွားရောက်ကူညီစဉ် 

ဂျူလိုင်လဆန်းပိုင်းမှစ၍ (ဂျွန်လနှောင်းပိုင်းက တိုက်ပွဲဖြစ်ပွားရာနေရာသို့) ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စုဘက် အစိုးရတပ်များအင်အားဖြည့်လှုပ်ရှားရာတွင် - ဝမ့်ဝပ်စာသင်ကျောင်းအတွင်းတပ်စွဲ ထားခြင်း၊ ဒေသခံများ၏ပြောင်းခြံများအတွင်း ခံတုတ်ကျဉ်းများတူးကာ စစ်ရေးပြင်ဆင်နေသဖြင့် ခြံ အတွင်းဖြတ်သန်းသွားလာမှုကြောင့် ခြံစည်းရိုးပျက်စီးကာ ကျွဲ၊ နွားများက စိုက်ပျိုးထားသော ပြောင်းပင် များအား ဝင်ရောက်စားသောက်ခြင်း ကြောင့် ခြံတောင်သူများအခက်အခဲရင်ဆိုင်နေရသည်ဟု ဆိုပါသည်။

ထို့ကြောင့်   တောတောင်အတွင်း ပုန်းရှောင်နေထိုင်နေသည့်ဒေသခံများ တစုတစည်းတည်းနေထိုင် စေလို၍ ကူညီထောက်ပံ့မှုများရယူနိုင်ရန် ကျေးသီးမြို့အတွင်းရှိ ပြည် ခိုင်ဖြိုးပါတီ ၊ သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်တို့မှ ဆန်၊ ဆီ၊ ဆားနှင့် အခြား လိုအပ်သည့်ပစ္စည်းများ ကူညီထောက်ပံ့ခဲ့ကြောင်း သွားရောက် ကူညီသူ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အဓိက ကတော့ ကူညီမှုရယူနိုင်အောင်ပေါ့။ တောထဲရှောင်ပုန်းနေရင် တခြားမလိုလားအပ်တဲ့ အန္တ ရာယ်တွေ ကြုံတွေ့လာနိုင်တယ်။ ဒါကြောင့် သူတို့တွေကို  တောထဲကနေ ဘုန်းကြီးကျောင်းကို ပြန်နေ ဖို့ချော့မော့ခေါ်ယူရတယ်” - ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

 စစ်ဘေးရှောင်သူများ သွားရောက်ကူညီသူများသည် အမျိုးသားထက် အမျိုးသမီးကပိုများကြောင်း၊ ဒုက္ခသည်အရေး သွားရောက်ကူညီသူများ၏ မိသားစုဝင်များအား စစ်ထောက်လှမ်းရေးများက ၎င်းတို့၏ ဝင်ထွက်သွားလာချိန်အပြင်၊ သွားရောက်ကူညီနေသည့် ဒုက္ခသည်များ စာရင်းကိုပါ  မေးမြန်းလာသဖြင့် လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း ကူညီမှုပေးနေသူတဦး၏  မိသားစုဝင်တဦးက ပြောသည်။

ကျောင်းသား တရာကျော်ရှိ  ဝမ့်ဝပ် မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင် ကျောင်း အတွင်း လာရောက်တပ်ချထားသည့် မြန်မာ့စစ်ကြောင်းများ ဖယ်ပေးရန် ကျောင်းဆရာ၊ ဆရာမ များကလည်း တောင်းဆိုထားသည်ဟု အမည်မဖေါ်လိုသည့် ဆရာမ က ပြောသည်။

“တောထဲပုန်းနေရင် ကျနော်တို့က သွားပြီးကာကွယ်ပေးရင် ပိုပြီး သူတို့အတွက်အန္တရာယ်များမယ်။ ကျနော်တို့ ဌာနချုပ်ကို ဦးတည်လာကြပါ။ နေစရာ၊ စားစရာတွေပေးမယ်။ လုံခြုံမှုတွေပိုပေး နိုင်မယ်။ ဒါမှမဟုတ် သူတို့တွေ မြို့ဘက်ကိုတိမ်းရှောင်မယ်ဆိုရင်လဲ ပါတီတွေ၊ လူထုတွေကနေ အကူအညီပေးပေးပါလို့ မေတ္တာရပ်ခံ လိုပါတယ်” - ဟု ဗိုလ်မှူး စိုင်းတိုင်း ကပြောပါသည်။

ပြောင်းခြံအတွင်းအစိုးရတပ် စစ်ကြောင်းများ ဝင်ရောက်တပ်ချထားခြင်း၊ ခံတုတ်ကျဉ်းများတူးကာ ခံစစ်များပြင်နေခြင်းတို့ကြောင့် တာ့ဖါဆောင် ဒေသခံ မိသားစု ၄၈ ခု မှ - ကျား ၁၀ ဦး၊ မ ၆၉ ဦး၊ ကလေး ၄၈ ဦး၊ ရဟန်းတော် ၉ ပါး၊ ကိုရင် ၄၈ ပါး စစ်ဘေးရှောင်နေရကြောင်း၊ ထို့အပြင် စစ်ကြောင်းများ သွားလာခြင်း၊ ကျွဲနွားဝင်ရောက်မွှေနှောက် စားသောက်ခြင်းကြောင့် တောင် ယာ စပါး၊ ပဲ၊ ပြောင်း ဧက စုစုပေါင်း ၃၀၀ ကျော် ပျက်နေကြောင်း စာရင်း၊ ဇယား ကွင်းဆင်းကောက်ခံ သည့် သျှမ်းပြည်တိုင်း ရင်းသားလူငယ်များကွန်ယက်မှ စိုင်းဟန် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ တာ့ဖါဆောင်မှာ ပိုင်ရှင်က ၂၄ ဦးမှ - ပြောင်း ၁၁၈.၇၅ ဧက၊ စပါး ၁၃.၇၅ ဧက၊ ပဲ ၂၁.၂၅ ဧက။ ဝမ့်ကတ်မှာ လယ် ၂၁ ဧက၊ ပြောင်း ဧက ၂၀၀ ကျော် က ပျက်စီးနေပြီ။ အပင်က ရှင်ဖို့အလားအလာ တအားနည်းတယ်။ စစ်ကြောင်းတွေ တပ်ဆုတ်ပေးပါလို့ တောင်းဆိုလိုတယ်။ ရွာသားတွေ လယ်၊ ယာ အမြန်ဆုံး ပြန်လာ ပြုစုပျိုးထောင်နိုင်အောင် လို့လေ။ ပါတီတွေရော စစ်ဘေးမကြုံရတဲ့ သျှမ်းလူထု တွေအနေနဲ့ပါဝိုင်းဝန်းတောင်းဆိုပေးကြပါ” - ဟု စိုင်းဟန်က ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း နှင့် ၎င်းတို့ ဌာနချုပ် အနီး အစိုးရတပ် ရှိရင်း အင်အား ၁၀၀၀ ကျော်အပြင် ထပ်မံပို့ဆောင်လာသည့်အင်အား ရာဂဏန်းကြောင့် တိုက်ပွဲဖြစ် ပွားမည့် အန္တရာယ် ကို စိုးရိမ်သည့် ဒေသခံများ က နေရပ်မှ တိမ်းရှောင်နေခြင်းဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates