SSPP/SSA ခေါင်းဆောင်ပိုင်းအား ဦးသိန်းဇော် ဖိတ်ခေါ်တွေ့ဆုံ



၂၀၁၄ ဂျူလိုင် ၈ ရက် နေပြည်တော်အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေး ကော် မတီ  UPWC ဒုဥက္ကဌ(၂) ဦးသိန်းဇော် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ် မတော် SSPP/SSA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆိုင် ဦးဆောင်သော ၁၁ ဦး အဖွဲ့ နေပြည် တော်သို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။

SSPP/SSA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆိုင်


ဂျွန်လ နှောင်းပိုင်းမှ စ၍ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဘက် အစိုးရတပ်များအင်အား ဖြည့် သောကြောင့် ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ စိုက်ပျိုးထားသော ယာမြေအတွင်း အစိုးရ တပ်ဖြတ်သန်းသွားလာခြင်း၊ ယာအတွင်း ခံတုတ်ကျဉ်းများ တူးဖေါ်ကာ တပ်ချ နေရာယူထားခြင်းအစရှိ ဒေသခံလူထုအကျိုးစီးပွား ထိခိုက်နေမှုအား ဖြေရှင်းပေးရေးအတွက် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဆိုင် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အပစ်ရပ်ပြီး ယုံကြည်မှုတည်ဆောက်နေတဲ့ကာလ နိုင်ငံရေးဆွေးနွေးပွဲဆီကို သွားနေတဲ့ကာလမှာ အစိုးရတပ်မတော်က ကျနော်တို့တွေအပေါ်  ဆီယိုပေါက်ရှာနေသလို အကြောင်းမရှိ အကြောင်းရှာ ပြီး ကျနော်တို့ တပ်ဖွဲ့ကို တိုက်ခိုက်တဲ့ အကြိမ်ပေါင်းမနည်းတော့ဘူး။ ကျနော်တို့ဘက်ကနေ စ တိုက်တာ ဘယ်တော့မှ မရှိခဲ့ဖူးဘူး။ မိမိတပ်တည်နေရာကို အစိုးရတပ်မတော်ကဘဲ စတင်တိုက်ခိုက်တယ်။ အခု လဲ အင်အား ဖြည့်လာလို့ လူထု ဒုက္ခရောက်နေတယ်။ ဒီရာသီက  စိုက်ပျိုးရေးကာလ၊ ခြံတွေ၊ ယာတွေ ပျိုးပင်တွေ တပ်မတော် စစ်ကြောင်းကြောင့် ပျက်စီးသွားတယ်။ ဒါတွေကို တပ်မတော်ဘက်က တာဝန် ယူပေး ရမယ်” - ဟု ဗိုလ်မှူးကြီး ခွန်ဆိုင် ကပြောသည်။

၂၀၁၂ ဂျန္နဝါရီ ၂၈ ရက် သျှမ်းပြည်တိုးတက်ရေးပါတီ နှင့် အစိုးရတို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးစဉ် UPWC ဒုဥက္ကဌ(၂) ဦးသိန်းဇော် မှ ‘ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး တပ်နှုတ်ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်သို့ နှုတ်ကတိပေးခဲ့ဖူးသည်ဟု လည်း ဗိုလ်မှူးကြီး ခွန်ဆိုင် က ပြောသည်။

စစ်ရေးတင်းမာမှု တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယခုကဲ့သို့တွေ့ဆုံဖြေရှင်းရသည်မှာ သုံးကြိမ်ထက် မနည်းရှိပြီဖြစ်ပါသည်။ တွေ့ဆုံမှုအပြီး SSPP ကိုယ်စားလှယ်များ ဌာနချုပ်ပြန်မရောက် မီ ရှေ့တန်းနေ အစိုးရတပ်မတော် စစ်ကြောင်းက သျှမ်းပြည်တပ်မတော် တပ်စခန်းအား ပုံမှန်  ထိုးစစ်ဆင်လေ့ ရှိသည်ဟုလည်း ဗိုလ်မှူးကြီး ခွန်ဆိုင်က သျှမ်းသံတော်ဆင့်သို့ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates