သျှမ်း ဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာ နန်းတော် ၂၀၁၅ တွင် အပြီး တည်ဆောက်မည်



တရုတ်နိုင်ငံ ရွှေလီမြို့ ရွှေလီမြစ်ကမ်းဘေးရှိ ကောင်းဟော်ခမ်း(ရွှေနန်းတော်ကုန်း)၌ တည် ဆောက်နေသော သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ၏ အင်ပါယာနန်းတော်မှာ မျှော်မှန်းထားသလောက်  မပြီးသေးသော်လည်း ၂၀၁၅ တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

စဝ်ဆေခန်ဖှ နန်းတော်၏ အပြင်ပန်းသဏ္ဍာန်




စဝ်ဆေခန်ဖှ၏ အင်ပါယာနန်းတော်ကို ဆရာတော် ဦးဝိသုဒ္ဓိဉာဏ ခေါ် စဝ်တင်းတိုင်း ဦးဆောင်ဦး ရွက်ကာ ရွှေလီဒေသအုပ်ချုပ်ရေးနှင့် စေတနာရှင်တဦးတို့ ပူးပေါင်းပြီး ၂၀၁၁ ဂျွန်လဆန်းပိုင်း က စတင် တည်ဆောက်ခဲ့သည်။


“အစက ၂၀၁၄ အတွင်း အပြီးတည်ဆောက်မယ်လို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ အခုထိ ၇၀ %  လောက်ဘဲ ပြီးသေးတယ်။ အဓိကအကြောင်းရင်းကတော့ နန်းတော်ကို ဘယ်လိုအလှဆင်မယ်၊ ကျောင်းဆောင်တွေကို ဘယ်လိုပုံစံယူမယ်၊ ဘယ်လိုအလှဆင်မယ်ဆိုတာတွေကို ဆွေးနွေးတဲ့ အခါမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့ အချိန်အများကြီးယူရတယ်။ ပြီးစီးနိုင်မဲ့အချိန်ကို ပြောဖို့ခက်တယ်။ ၂၀၁၅ ထဲမှာတော့ အပြီးဆောက်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဆရာတော် ဦးဝိသုဒ္ဓိဉာဏ က မိန့်တော်မူသည်။


နန်းတော်၏ အရှေ့ဘက်တွင် ဉာဏ်တော်အမြင့် ၂၂၇ ပေရှိ စေတီတဆူ တည်ထားကိုးကွယ်ပြီး မြောက်ဘက်တွင် သျှမ်းရိုးရာအစားအစာနှင့် ယဉ်ကျေးမှုပြတိုက်၊ အနောက်ဘက်တွင် ဗုဒ္ဓဘာသာ စာသင်တိုက်တို့ကို တည်ဆောက်နေဆဲဖြစ်ပါသည်။


တဖက်၌လည်း ဗုဒ္ဓဘာသာဝင်များ ဘာသာရေးအတွက် ဆက်သွယ်ဆောင်ရွက်ရန် ရွှေလီမြို့ရှိ သမိုင်းဝင် စဝ်ဦးတိန်ကုန်းပေါ်၌ ကျောင်းဆောင်ထပ်မံတည်ဆောက်မှာဖြစ်ကြောင်း ဆို၏။


“စဝ်ဦးတိန်ကုန်းပေါ်မှာ ထပ်ဆောက်ဖို့အတွက် ဆွေးနွေးလာတာတော့ ၁ နှစ်ကျော်ပါပြီ။ ၂၀၁၅ နှစ်ဦးပိုင်းမှာ စ− ဆောက်မယ်လို့ ရည်ရွယ်ထားတယ်။ လူ ၁၀၀၀ ကျော် ဝင်ဆန့်နိုင်အောင် ရည်ရွယ် ထားတာကြောင့် ကျောင်းဆောင်တွေလည်း များမယ်”  ဟု ဆရာတော်က မိန့်တော်မူပါသည်။


စဝ်ဆေခန်ဖှ၏ နန်းတော် တည်ဆောက်နေသည့် ကောင်းဟော်ခမ်းမှာ ရွှေလီမြို့အရှေ့တောင် ဘက် ၂ မိုင်ခန့်အကွာ ဝမ့်ပန်ပုံအနီး ရွှေလီမြစ်ကမ်းဘေး၌ တည်ရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates