သျှမ်းပြည် အစိုးရ ဖြစ်လျှင် ထိုင်းရောက် သျှမ်းတသန်းကို စိုင်းအိုက်ပေါင်း အလုပ်ပေးမည်



၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိပြီး သျှမ်းပြည်နယ်အစိုးရကို ကျားဖြူပါတီ ဦးဆောင် ဖွဲ့စည်းနိုင်လျှင် ထိုင်းနိုင်ငံရောက် သျှမ်းပြည်နယ်သား တသန်းကျော်အား ဌာနေပြန်ခေါ်၍ အလုပ် အကိုင် ဖန်တီးပေးမည်ဟု ကျားဖြူပါတီဉက္ကဌ စိုင်းအိုက်ပေါင်းက နိုဝင်ဘာ ၂၉ ရက် နေ့ထုတ် NBF စာစောင်သို့ ပြောသည်။



“အောက်တိုဘာ ၃၁ ရက်နေ့ သမ္မတနဲ့ ထိပ်သီးပုဂ္ဂိုလ် ၁၄ ဦးတွေ့တုန်းကလဲ သမ္မတကို အခွင့် ကြုံတုန်းပြောဒါဘဲ။ အန်ကယ်ကိုယ်တိုင်လဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သျှမ်းအလုပ်သမားတွေနေ တဲ့ နေရာတွေကို ကိုယ်တိုင်ရောက်ခဲ့တာဘဲ။ ၂၀၁၅ မှာ နိုင်ကိုနိုင်ရမယ်။ အစိုးရဖွဲ့ နိုင်ရင် အားလုံးကို ပြန်ခေါ်ပြီး အလုပ်အကိုင်တွေဖန်တီးပေးမယ်” - ဟု ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း က သျှမ်းသံ တော်ဆင့်သို့ပြောသည်။

သျှမ်းပြည်နယ်အတွင်း လယ်ယာမြေများဖန်တီးပေးခြင်း၊ သစ်တော၊ သတ္တုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ အစရှိသည့်လုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သများအားခေါ်ယူပြီး လုပ်ကိုင်စေမည်ဟု အဆိုပါ NBF စာစောင်တွင်ဖေါ်ပြထားသည်။

ဝန်ကြီး စိုင်းအိုက်ပေါင်းသည် ၂၀၁၃ အောက်တိုဘာလ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့သို့ ရောက်ရှိစဉ် ချင်းမိုင်မြို့မယ့်ဟေ့ရပ်ကွက် သျှမ်းရွှေ့ပြောင်းအလုပ်သမားတန်းလျားသို့ ကိုယ်တိုင် ရောက်ရှိ ကာ အလုပ်သမားများနှင့် တနာရီခန့်တွေ့ဆုံစကားပြောသည်။

သျှမ်းပြည်နယ် တွင် SNDP ခေါ် ကျားဖြူပါတီ အပြင် ခွန်ထွန်းဦး ဦးဆောင်သည့် SNLD ခေါ် ကျားခေါင်းပါတီလည်းရှိသည်။ ကျားခေါင်းပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သျှမ်းပြည် နယ်အတွင်း အပြတ်အသတ် အနိုင်ရရှိသည်။ ခွန်ထွန်းဦးထောင်ကျနေစဉ် ကျားခေါင်းပါတီ အစားသျှမ်းလူထုအတွက် နိုင်ငံရေးလုပ်ပေးရန် ကျားဖြူပါတီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်၌ကိုယ်စားလှယ် ၅၀ ကျော် နေရာရထားသည့် ပါတီဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates