ငြိမ်းချမ်းရေး ဆောင်ရွက် နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့် SNLD ပြော



အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆောင်ရွက်နေချိန် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဥပဒေကို မကျင့်သုံးသင့်ကြောင်း ၊  ခေတ္တ ရပ်နားထားသင့်ကြောင်း  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှုး ဦးစိုင်းညွန့်လွင်က ပြောသည်။



“ငြိမ်းချမ်းရေးရဖို့တွက်ဆွေးနွေးတယ် ဆိုတဲ့အခါမှာ ဒီဥပဒေပုဒ်မတွေကို ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့အတွက် အများကြီးအန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။

မတရားအသင်းဆက်သွယ်မှု ၁၇(၁) ပုဒ်မ ဥပဒေကြောင့် လူထုအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့နေရသည့်အတွက်ငြိမ်းချမ်းရေးတွင်လူထုပါဝင်မှုအားနည်းနေသည်ဟုသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ဒုတိယ ဥက္ကဌရဲဘော်မျိုးဝင်းက “ ၁၇ (၁) ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ လှုပ်ရှားမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တချို့လူတွေက ဒီဥပဒေရှိတဲ့အတွက်ကြောင့် သူတို့မလာချင်ဘူး ဆိုပြီးဖြစ်လာတယ်။  ကြောက်ရင်လည်း ကြောက်မှာပေါ့” ဟုဆိုသည်။

ABSDF အနေနှင့် ကျဆုံးသွားသောရဲဘော်များအားတစ်နိုင်ငံလုံးကိုယ်စားပြု ဂုဏ်ပြုပွဲများ လုပ်မည်ဆိုလျှင် ပုဒ်မ ၁၇ (၁)  ကြောင့်လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်မရဘဲ အစိုးရနှင့်ညှိပြီးလုပ်ရသည်။ ပြည်နယ်အစိုးရနှင့်လည်းညှိရသည်ဟု  ၄င်းကပြောသည်။

 “အစိုးရအနေနဲ့၁၇ (၁) ကိုကိုင်ထားတယ်ဆိုတာကျနော်တို့  သွားလာလှုပ်ရှားမှုကို သိနိုင်ဖို့အတွက် အဓိကလုပ်ထားတာဘဲ” ဟု ၄င်း၏အမြင်ကိုပြောသည်။

အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေသောလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်း သတ်မှတ်ထားသည့်အတွက် ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်ရန် အဟန့်အတားတစ်ခုဖြစ်နေကြောင်း တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်ဒွဲဘူ ကပြောသည်။

အစိုးရအနေဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးလျှင် မတရားအသင်းကိုဖျက်သိမ်းဖို့ နှစ်ဘက်သဘောတူညီမှု ရထားပြီး ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ  ခေတ္တ ဖြုတ်ထားကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာနMPC မှအပစ်အခတ်ရပ်စဲရေးဒါရိုက်တာဒေါက်တာမင်းဇော်ဦးက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates